၁၅. ၄. ၂၀၂၄
Written by Thettant
အကြမ်းဖက်သမားတွေဟာ နိုင်ငံအတွက် ထူးခြားလေးနက်တဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဆင်နွှဲနေတာကို မနာလိုမရှုစိမ့်ဖြစ်တာနဲ့ ပြည်သူတွေ တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး အထိတ်တလန့်ဖြစ်စေဖို့ ရည်ရွယ်ကာ လူနေ မြို့/ရွာ ရပ်ကွက်အတွင်း Drop Bomb တွေ၊ လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေ၊ လက်လုပ်မိုင်းတွေနဲ့ ပစ်ခတ်မှုလုပ်ဆောင်ကြပြီး မဟာသင်္ကြန်အကျနေ့ညပိုင်းကလည်း ပြင်ဦးလွင်မြို့အတွင်းကို ၁ဝ၇ မမရှော့တိုက်ဒုံးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် သံဃာတော် ၂ ပါး ပျံလွန်တော်မူရတဲ့အပြင် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ကလေးသူငယ်တွေအပါအဝင် ဆေးရုံတက်လူနာ ၁၂ ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။
ဖြစ်စဥ်က ဧပြီလ ၁၄ ရက် ညပိုင်းမှာ အကြမ်းဖက်သမားတွေက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အနောက်ဘက်ကနေပြီး ပြင်ဦးလွင်မြို့အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ ပြည်သူ့ဆေးရုံက အရိုးကုသဆောင်၊ အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ Luxury Hotel ၊ ရပ်ကွက်ကြီး (၅)၊ ဗလမင်းထင်ရပ်ကွက်နဲ့ စံပါယ်ရပ်ကွက်တွေအတွင်း ရှော့တိုက်ဒုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့တာပါ။ ဒီပေါက်ကွဲမှုကြောင့် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံး နေထိုင်တဲ့ ဘဒ္ဒန္တတေဇာနန္ဒနဲ့ ဒုလ္လဘရဟန်း ၁ ပါး ၊ စုစုပေါင်း ၂ ပါးပျံလွန်တော်မူပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် စပါယ်ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ပြည်သူ့ ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ အသက် ၅ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးငယ်တွေ အပါအဝင် လူနာနဲ့ ဆေးရုံဝန်ထမ်း ၁၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့လို့ စုစုပေါင်းသံဃာတော် ၂ ပါးနဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့ရသလို ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့တာပါ။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနဲ့အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းဖို့၊ ပြည်သူတွေ ကိုယ်စိတ် နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်မှာ ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ဖို့၊ ပြည်သူတွေ ပင်ပန်းနွမ်းနွယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေပြီး နှစ်သစ်ကိုကြိုဆိုဖို့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ အမျိုးသားရေး စရိုက်လက္ခဏာတွေကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေတဲ့ ထူးခြားလေးနက်တဲ့ အခါသမယကို အကြမ်းဖက်သမားတွေက အရုပ်ဆိုးအကျည်းတန်တဲ့အကြမ်းဖက်လုပ်ရပ်ကို လုပ်ဆောင်လာတာပါ။
ဒီလိုမျိုး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ မြို့/ရွာ ရပ်ကွက် အတွင်းကို ရှော့တိုက်ဒုံးတွေ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းဟာ ဂျီနီဗာကွန်ဗန်းရှင်းနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်တာဖြစ်ပြီး ဒီလိုကျုးလွန်တဲ့ အကြမ်းဖက်သမားတွေကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လုံခြုံရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။