၁၃.၁၂.၂၀၂၂
Written by Pan Ei
ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် မန်းနီး ပက်ကွီအို (Manny Pacquiao) ဟာ ယူကျူ့ဘာ နဲ့ ကိုယ်ခံပညာရှင်ဖြစ်တဲ့ DK Yoo နဲ့ တောင်ကိုရီးယားနိုင်ငံ ဂိုယန်းမြို့မှာ ပရဟိတပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ကြိုးဝိုင်းထဲကို ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။
ပက်ကွီအိုဟာ ဖိလစ်ပိုင်သမ္မတရာထူးအတွက် အရွေးခံဖို မနှစ်က ကြိုးဝိုင်းလောကထဲကနေ အနားယူခဲ့ပြီးနောက်ပိုင်း လက်ဝှေ့ကြိုးဝိုင်းကို ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ကျူးဘားနိုင်ငံက Yordenis Ugas နဲ့ ယှဉ်ပြိုင်ထိုးသတ်ပြီး ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ သူနောက်ဆုံးကစားခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပက်ကွီအိုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အထက်လွှတ်တော်အမတ်အဖြစ်လည်း ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၂၂ ခုနှစ် ဇွန်လအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အသက် ၄၄ နှစ် ရှိတော့မယ့် ပက်ကွီအိုဟာ ၄၂ နှစ်အရွယ် ထင်ရှားတဲ့ ယူကျူ့ဘာ DK Yoo ကို အဆိုပါ ပရဟိတပွဲ ၆ ချီမြောက်မှာ အနိုင်ရရှိခဲ့ပါတယ်။ ယူကျူ့မှာ စာရင်းသွင်းသူ ၆သိန်းခွဲကျော်ရှိတဲ့ Yoo ဟာ တတိယအချီမှာ မောပန်းနွမ်းနယ်နေခဲ့ပေမယ့် ခြောက်ချီအထိ ယှဉ်ပြိုင်သွားနိုင်ခဲ့ပြီး ကစားပွဲကို အပြီးသတ်နိုင်ခဲ့ပါတယ်။
“အထူးသဖြင့် ဒီလိုပရဟိတပွဲနဲ့ ကွင်းထဲ ပြန်ဝင်လာရတာ ဝမ်းသာပါတယ်။ ကျွန်တော့် ပုံသဏ္ဍာန် ပြန်ကောင်းအောင် လေ့ကျင့်မှုတွေ ဆက်လုပ်သွားမှာပါ ”လို့ ပက်ကွီအို က ရုပ်ပိုင်းဆိုင်ရာပိုကြီးတဲ့ Yoo ကို အနိုင်ယူပြီးနောက် ပြောခဲ့ပါတယ်။
ပက်ကွီအိုဟာ လာမဲ့နှစ်မှာ လက်ဝှေ့လောကထဲကို တရားဝင် ပြန်လည်ဝင်ရောက်ဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ရှုံးပွဲမရှိ Welterweight ချန်ပီယံ Terence Crawford နဲ့ Errol Spence တိုကို စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ပရဟိတ လက်ဝှေ့ပွဲကနေ ရရှိတဲ့ ရန်ပုံငွေတွေကို ယူကရိန်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဖိလစ်ပိုင်ရှိ အိုးမဲ့အိမ်မဲ့တွေအတွက် လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။
Ref; The Independent Asia