၁၅.၄.၂၀၂၄
Written by KL
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မမုံကျေးရွာအုပ်စု၊ မမုံစံပြကျေးရွာရှိ ပန်းခြံတွင် အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး ဓားထိုးလုယက်ကာ သတ်ဖြတ်ခံရမှု ဧပြီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အသတ်ခံရသူ ၂ ဦးမှာ ဖားပြင်ကျေးရွာတွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ် ကိုနိုင်နိုင်ဦးနှင့် ဝှေခါကျေးရွာတွင် နေထိုင်သော အသက် ၂၆ နှစ်အရွယ် မစန္ဒာအောင်တို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အသတ်ခံရသူများတွင် လည်ပင်းပြတ်ရှဒဏ်ရာနှင့် ဝမ်းဗိုက်တွင်ထိုးသွင်းဒဏ်ရာများ ရရှိကာ သေဆုံးနေခြင်းဖြစ်ပြီး ၎င်းတို့တွင်ပါလာသော ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ဆိုင်ကယ်နှင့်ဖုန်းတိို့ပါ ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ညကတည်းက ဖြစ်သွားပုံရတယ်။ ဖြစ်တဲ့နေရာက လူလည်းအရမ်းပြတ်တယ်။ မနက်မိုးလင်းတော့ သွေးတွေရွှဲနေတဲ့ အလောင်းတွေကို တွေ့ရတာပါပဲ”ဟု ယင်းနေရာသို့ ရောက်ရှိခဲ့သည့်အမျိုးသား တစ်ဦးက ပြောသည်။
အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။