၁၄. ၄ .၂၀၂၄
Written by Hey Mar
အပျော်ကနေ အပျက်မဖြစ်စေချင်လို့ အသောက်အစားလေးကို ထိန်းချုပ်ပြီး ပျော်ကြစေချင်တယ်လို့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အခြေစိုက် မျိုးဆက်သစ်မြတ်ပါရမီ လူမှုကူညီရေးအသင်းတာဝန်ရှိသူက သင်္ကြန်ကာလ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီလုပ်ငန်းစဥ်တွေ ဆောင်ရွက်ပေးရင်း ဆိုင်ကယ်မတော်တဆမှုဖြစ်စဥ်တွေမှာ လူသေဆုံးတာထိ ကြုံတွေ့ရတဲ့အခါ သင်္ကြန်ပျော်မယ့်လူငယ်တွေအတွက် အသိပေးစကားပြောဆိုပါတယ်။
မိတ္ထီလာမြို့ပေါ်မှာ ၂၀၂၄ ခုနှစ် သင်္ကြန်ကာလ အကြိုနေ့နဲ့ အကျနေ့ နှစ်ရက်တာအတွင်း ဆိုင်ကယ်မတော်တဆမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားထားပြီး ၃ ကြိမ်မှာ ဆိုးရွားပြင်းထန်တယ်လို့ သိရပါတယ်။
မျိုးဆက်သစ်မြတ်ပါရမီ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “မနေ့က အကြိုနေ့ တစ်ရက်ထဲ ဆိုင်ကယ်မတော်တဆမှု ဖြစ်စဥ်နှစ်ခု ဖြစ်တယ်။ မိတ္ထီလာ နာရီစင်နားနဲ့ ၊ စက်ကြီးဆည်မြောင်း လမ်းဆုံ မှာဖြစ်တာ။ အဲဲဒီနှစ်ခုကနေ လူနာ ၅ဦးထွက်တယ်။ ဒီနေ့ အကျနေ့ နေ့ခင်းပိုင်းက လူပါသေတာ။
ရွှေမြင်တင်ဘုရားရှေ့ ဆိုင်ကယ်တစ်စီး ဓာတ်တိုင်ကိုဝင်တိုက်တာ။ ဆိုင်ကယ်ပေါ်ပါ နှစ်ဦးမှာ တစ်ဦးဒဏ်ရာပြင်းထန်ပြီး တစ်ဦးသေတယ်”လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
အခြား ခိုက်ရန်ဖြစ်ပွားတာ ဆိုင်ကယ်ငြိတာတွေလည်းရှိပေမဲ့ဝင်ရောက်ဖြန်ဖြေသူတွေနဲ့ အဆင်ပြေပြီး ပြဿနာကြီးကြီးမားမားမဖြစ်ခဲ့ကြဘူးလို့လည်း သိရပါတယ်။ မိတ္ထီလာသင်္ကြန်မှာ မြို့တွင်းဖောင်တော်ဦးစေတီတဝိုက်နဲ့ ဆည်မြောင်းနားမှာ အစည်ကားဆုံးဖြစ်နေပြီး မနေ့ကလည်း ဆည်အတွင်းအသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
“ဒါ ကျွန်တော်တို့ ရိုးရာ အထိမ်းအမှတ်ပွဲတော် နှစ်သစ်ကူး ပွဲတော်တစ်ခုပါ။ စည်ကားစေချင် ပျော်ပါးစေချင်ပါတယ်။ အထူးသဖြင့် လူငယ်တွေကိုပေါ့။ အခုလိုဒဏ်ရာအနာတရတွေ လူသေဆုံးတာတွေအထိဖြစ်လာတော့ ဆွေမျိုးမိဘတွေလည်း စိတ်ပူပန်ကြရတယ်။ အပျော်ကနေ အပျက် မဖြစ်စေချင်လို့ အသောက်အစားလေးတွေတော့ ထိန်းစေချင်ပါတယ်။ဒီနှစ်က နှစ်ရက်အတွင်း ဖြစ်စဥ် မနှစ်ကထက် နည်းပါသေးတယ်”လို့ မြေပြင်ဆေးအကူအဖြစ်တာဝန်ယူစဥ်မှာ သူကြုံတွေ့ရတဲ့ အခြေအနေကို မျိုးဆက်သစ်မြတ်ပါရမီ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။