၁၄. ၄ .၂၀၂၄
Written by Hey Mar
ဒီနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ တစ်ရက်တည်း မကွေးမှာ ယာဥ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ပထမယာဥ်တိုက်မှု ဖြစ်စဥ်က နေ့ခင်းတစ်နာရီဝန်းကျင်မှာဖြစ်ပွားပြီး မကွေးမြို့ မြို့ရှောင်လမ်း သစ္စာမဏ္ဏိုင်ကျောင်းတိုက်မုခ်ဦးရှေ့မှာ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။ ယာက်တိုက်မှုက Light truck ကားနဲ့ ၁၂ ဘီးကုန်တင်ကားတိုက်မိတာဖြစ်ပြီး Light truck ကားပေါ်ပါ အမျိုးသား(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကားခေါင်းခန်းထဲ ယာဥ်မောင်းညပ်နေတဲ့အတွက် ဒေသခံလူမှုကူညီရေး အသင်းတွေက ဖြတ်ထုတ် ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒုတိယဖြစ်စဥ်က ပထမဖြစ်စဥ်က လူနာတွေအသင်းတွေက ဆေးရုံတင်ပို့နေစဥ်မှာပဲ ကူညီကယ်ဆယ်ဖို့ အကူအညီတောင်းခံခြင်းခံရတာမို့ ဖြစ်စဥ်နှစ်ခု နာရီဝက်ကျော်သာ ခြားတယ်လို့လည်းသိရပါတယ်။ အဆိုပါဖြစ်စဥ်က ဘုန်းကြီးကားနဲ့ အိမ်စီးကားတိုက်မိတာ ဖြစ်ပြီး မကွေး- ရေနံချောင်းလမ်း ဒေါင်းနေထောင်အနီးမှာ ဖြစ်ပွားခဲ့ကာ အိမ်စီးကားပေါ်က အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ် နှစ်ခုစလုံးကို မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မြေပြင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ပထမ လိုက်ထရပ်နဲ့ ၁၂ ဘီးတိုက်မိတာက ကလေးတွေ သင်္ကြန်တွင်းဆိုတော့ ပျော်ပါးသောက်စားပြီး ပြန်လာကြတာ ၁၂ ဘီးကားကို ခါးလည်က ဖြတ်တိုက်တာ။ ဘယ်သူမှ ကြီးကြီးမားမား ဒဏ်ရာမဖြစ်သွားပါဘူး။ ယာဥ်မောင်း ညပ်နေပေမယ့် ခြေထောက် ပေါက်ပြဲ သွေးထွက်ပဲ။ ကံကောင်းတာ နောက်ဖြစ်စဥ်ကတော့ အဲ့ဒီနားက ထောင်ဂိတ်ရှေ့လည်း ဖြစ်နေတော့ အတားအဆီးတွေ ချထားတာတော့ရှိတယ်။ ဘုန်းကြီးကားက ရပ်ကိုထားတာကို အိမ်စီးကားက အရှိန်လွန်ဝင်တိုက်တာပါ။ နှစ်စီးလုံး Air bag တွေပွင့်ပေမယ့် အိမ်စီးကားပေါ်ပါ အမျိုးသမီးတစ်ဦးဆေးရုံ တင်ပို့နေတုန်း သေဆုံးတယ်။ ကလေးငယ်တစ်ဦးက ဘယ်ဘက်ပေါင်ကျိုးတယ်။ အမျိုးသားတစ်ဦး ဘယ်ခြေထောက် ထိခိုက်တယ်။ ဘုန်းကြီးကားပေါ်က ဆရာတော်တစ်ပါးကတော့ ညာဘက်ရင်ဘက်ထိခိုက်တယ်။ အမျိုးသားတစ်ဦး ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရတယ်”လို့ MT News ကို ပြောပါတယ်။
ထိခိုက် ဒဏ်ရာရသူတွေကို မြေပြင် လူမှုကူညီရေးအသင်းနဲ့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းတို့က သူနာတင်ယာဥ်တွေနဲ့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။