၁၄. ၄. ၂၀၂၄
Written by Nay Moe
စစ်မှူထမ်းတပ်သားသစ် ၂၅၀ သွားရောက် ပို့ဆောင်တဲ့စစ်ယာဥ်တန်းကို အရာတော်၊ ကမ်းဖြူရွာအနီးမှာ PDF တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးသလို ၄၉ ဦးဖမ်းမိတယ်လို့ NUG စစ်ရုံးချုပ်က အခုထုတ်ပြန်ပါတယ်။
ဖြစ်စဥ်က ဧပြီ ၁၂ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲကနေ ၂ နာရီအထိ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)၊ ထပရ (၉၂၉) တပ်ကနေ အရာတော် စခတ (၁၀) ကို သင်တန်းသားသစ် (၂၅၀) ဦး ပို့ဆောင်ဖို့ ထွက်လာတဲ့ (၁၂) ဘီးကား (၅) စီးနဲ့ Express ကား (၁) စီးကို အမှတ် (၁) စစ်ဒေသ၊ မုံရွာခရိုင်ကွပ်ကဲမှုနဲ့ မုံရွာခရိုင်ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီး အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ် (၁၁) ပကဖ ၊ မိတ္ထီလာခရိုင် တပ်ရင်း (၂)၊ Danger Force LPDF၊ ကျားသစ်နက် LPDF၊ Special Revolution Force LPDF အဖွဲ့တွေက အရာတော်မြို့နယ်၊ ကမ်းဖြူရွာအနီးမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဆီက လက်နက်မျိုးစုံ (၆) လက်၊ ခဲယမ်းမီးကျောက်များနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့သလို ဗိုလ်ကြီး (၁) ဦးအပါအဝင် (၂၀) ဦး သေဆုံးပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာရကာ စစ်သုံ့ပန်း (၄၉) ဦး ဖမ်းဆီးရမိခဲ့တယ်လို့ NUG စစ်ရုံးချုပ်ကထုတ်ပြန်ပေမဲ့ MT News က ထိခိုက်ဆုံးရှုံးမှုအသေးစိတ်ကို မြေပြင်အတည်မပြုနိုင်ပါဘူး။