October 20, 2024

၁၄.၄.၂၀၂၄
Writtem by Nay Moe

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းနေတယ်စွပ်စွဲချက်နဲ့ တီးတိန်ခရိုင် လဝက ဦးစီးမှူး ဦးမိုးသူကို ဒီနေ့မှာ ဖမ်းဆီးခဲ့တယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဧပြီ ၁၄ ရက် မဟာသင်္ကြန်အကျနေ့ မနက်ပိုင်းက တီးတိန်မြို့ပေါ်က လူငယ်တွေကို စစ်သားစုဆောင်းတယ်စွပ်စွဲချက်နဲ့ အသက် ၅၉ နှစ်အရွယ် ဦးမိုးသူကို ဝင်ဖမ်းခဲ့တဲ့အပြင် စာရွက်စာတမ်းတွေ၊ ဝန်ထမ်းနဲ့ဌာနဆိုင်ရာအထောက်အထားတွေလည်း PDF Zoland က လုယက်သိမ်းယူခဲ့ပါတယ်။

တီးတိန်မြို့ပတ်လည်မှာ ကျက်စားတဲ့ PDF Zoland အဖွဲ့ဟာ မတ်လ ၂၅ ရက်နေ့မှာ တီးတိန်မြို့ထဲကို ဝင်ရောက်ပြီး နိုင်ငံ့ဝန်ထမ်းငါးဦးကို နေအိမ်တွေအထိ သွားရောက်ပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့ပါသေးတယ်။

NUG ဩဇာခံ ချင်းလက်နက်ကိုင် PDF တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နိုင်ငံ့ဝန်ထမ်း ( ၅) ဦးက အသက် ၃၆ နှစ်အရွယ် စည်ပင်သာယာရေးကော်မတီက လက်ထောက်အင်ဂျင်နီယာ ဦးကပ်ဆွင်းခွါလ်၊ အသက် ၅၅ နှစ်အရွယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဒု-ကြီးကြပ် ဦးခွါလ်လျန်းမုန်၊ အသက် ၄၈ နှစ်အရွယ် ထွေအုပ်စာရေး ဦးလျန်းလမ်ခိုင်၊ အသက် ၄၈ နှစ်အရွယ် အားကာမှူးဦးရှင်းခန့်ခွါလ်နဲ့ လဝက အငယ်တန်းစာရေး အသက် ( ၅၇) နှစ်အရွယ် ဦးနန်ဆွင်းဂင့်တို့ဖြစ်ပြီး လက်ရှိဖမ်းဆီးခံရတဲ့ဦးမိုးသူနဲ့ဆို PDF Zoland ဖမ်းထားတာ နိုင်ငံ့ဝန်ထမ်း ၆ ဦးရှိနေပါပြီ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းကလည်း ချင်းလက်နက်ကိုင်ပူးပေါင်းတပ်တွေက ကလေးတက္ကသိုလ်ကိုစီးနင်းပြီး ပါမောက္ခချုပ်ဒေါက်တာယောဟန်ထွန်းအပါအဝင် နိုင်ငံ့ဝန်ထမ်းနဲ့ မိသားစု ၁၃၀ လောက်ကို ဖမ်းဆီးသွားတဲ့ဖြစ်စဥ်လည်းရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေက ဒီနေ့အထိ မလွတ်မြောက်သေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *