October 18, 2024

၁၃. ၁၂. ၂၀၂၂
Written By Naddy

LGBT အခွင့်အရေးပိုမိုရရှိလာဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမဲ့ Miss Fabulous International 2022 အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ယှဥ်ပြိုင်မဲ့ အလှမယ်ရွှေယမင်းဦးဟာ ကိုဗစ်ကူးစက်ခံထားရတဲ့ ကျန်းမာရေး‌‌ကြောင့်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိ‌ဘူးလို MT News ကို ပြောပါတယ်။

“တောင်းပန်ပါတယ် ဆိုတဲ့စကားကလွဲပြီး ရွှေရွှေ ဘာမှမပြောနိုင်တော့လို့ပါ။ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၅ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပမဲ့ Miss Fabulous International 2022 ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်နိုင်မှု မရှိခဲ့ပါဘူး။ Covid 19 ကင်းစင်ကြောင်းစာရွက်လုပ်ဖို့ ဆေးစစ်တော့ ထွက်လာတဲ့အဖြေက (+) Positive တဲ့။ စိတ်ထဲလည်းမကောင်းသလို ကိုယ့်အိမ်မက်ရော ပထမဆုံးပြိုင်ရမယ့် International ပွဲပါမသွားခဲ့ရဘူး။ အခုထိလည်းစိတ်ထိခိုက်နေလို့ ဘာမှမလုပ်နိုင်ပါဘူး။ ဒီစာရေးဖို့လည်း မနည်းအားယူရတယ်။ အခုတော့သီးသန့် Q ဝင်နေပါတယ်ရှင့်။ သွေးပေါင်တွေလည်း ထိုးကျပြီး မနေ့က ဆေးသွင်းလိုက်ပါတယ်။ အားပြန်ယူပြီး ပြန်လာမှာမို့ အရင်လိုချစ်ပြီး အားပေးပါအုံး”လို့ ဆိုပါတယ်။

ဒီပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၅ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ပထမဦးဆုံး အကြိမ် ကျင်းပပြုလုပ်မှာပါ။ Miss Fabulous International 2022 အလှမယ်ပြိုင်ပွဲဟာ အမျိုးသား၊ အမျိုးသမီး လိင်ပြောင်းထားသူတွေ LGBT နဲ့ Gay တွေအတွက် လူ့အခွင့်အရေး၊ အလုပ်အကိုင်အခွင့်အလမ်း တန်းတူ အခွင့်အရေးရှိရေး၊ ကျား/မ လိင်ခွဲခြားဆက်ဆံမှုမရှိစေရေးအတွက် စာနာနားလည်လက်တွဲကူညီရေးအတွက် ကျင်းပတာပါ။

ရွှေယမင်းဦးဟာ The Model Tachileik Organization ရဲ့ Miss Gorgeous Tachileik 2022 ဆုရှင် အလှမယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး အခုပြိုင်ပွဲကို သူ့ Organization က တာဝန်ယူစေ လွှတ်တာဖြစ်ပေမဲ့ လက်ရှိမှာတော့ ကျန်းမာရေးကြောင့် သီးသန့် Q ဝင်နေရပါတယ်။

Miss Fabulous International 2022 ပြိုင်ပွဲကို အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာနဲ့ ဒိန်းမတ်၊ သြစတေးလျှ၊ တောင်အမေရိကစတဲ့ နိုင်ငံပေါင်း(၂၀)ခန့်က အလှမယ်တွေပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး Winner ရရှိသူကို God Crown နဲ့အတူ ထိုင်းဘတ်ငွေ(၅)သိန်းချီးမြှင့်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *