၁၃. ၁၂. ၂၀၂၂
Written by Ye Kyaw
မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ် (UMFCCI)နှင့် ဘရာဇီးလ်နိုင်ငံ၊ ဆော်ပိုလိုကုန်သည်ကြီးများအသင်း (ACSP)တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ အသင်းအဖွဲ့အစည်းနှစ်ခုအကြား ဒီဇင်ဘာ ၁၂ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆော်ပိုလိုကုန်သည်ကြီးများအသင်းနှင့် မြန်မာ့ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်တို့၏ ဖိတ်ကြားချက်အရ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံ တက်ရောက်ခဲ့သည်။
အဆိုပါ နားလည်မှုစာချွန်လွှာကို UMFCCI ဒုဥက္ကဋ္ဌ ဦးသိန်းဟန်နှင့် ဘရာဇီးလ်နိုင်ငံ၊ ဆော်ပိုလိုကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Alfredo Cotait Neto တို့မှ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
နားလည်မှုစာချွန်လွှာအရ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် မြန်မာနှင့် ဘရာဇီးလ်နိုင်ငံတို့မှ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အစီအမံများ ချမှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်။