October 23, 2024

Help Myanmar Sanfrancisco Bay Area Page မှ ဖော်ပြထားသော ဝမ်းနည်းစကားကို တွေ့ရစဥ်

၁၃.၁၂. ၂၀၂၂

Written by Nay Moe

NUG ထောက်ခံပြီး PDF များကို လစဉ်လှူဒါန်းနေသည့် အမေရိကန်နေ မြန်မာအမျိုးသမီးတစ်ဦးအား သားဖြစ်သူက ဆေးကြောင်ပြီး ဓားဖြင့်ထိုးသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သတင်းများထွက်ပေါ်နေမှုအရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန်ဖရန်စစ္စကိုရဲတပ်ဖွဲ့ကလည်း အသက် ၅၁ နှစ်အရွယ် အမျိုးသမီးသေဆုံးမှုအတွက် အသက် ၂၈ နှစ်အတွက် ဆွေမျိုးတော်စပ်သူအမျိုးသားကို ဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးဆဲဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ရဲဌာန၏ ထုတ်ပြန်ချက်အရ ဆန်ဖရန်စစ္စကို Bayviews စခန်းသို့ ဆက်သွယ်လာမှုအရ Orsi Circle 100 Block ရှိနေအိမ်အား သွားရောက်စစ်ဆေးရာ ဓားဒဏ်ရာဖြင့် ရှိနေသော အမျိုးသမီးကို တွေ့ရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အသက်ကယ်ရန် ကြိုးပမ်းသော်လည်း သေဆုံးသွားခဲ့ကြောင်းနှင့် ဓားထိုးမှု၏ သံသယတရားခံ အသက် ၂၈ နှစ်အရွယ် သန့်ဇင် ဆိုသူကို ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါ သေဆုံးသူမှာ အဆိုတော်နှင့် Drummer အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ အဆိုတော်စောဖြူ၏ ဇနီး မရွှေဝါဝင်းဖြစ်ပြီး ကိုစောဖြူကို Tag တွဲကာ ဝမ်းနည်းစကားဆိုထားသည့် ဂစ်တာနိုင်ဇော်၏ ပိုစ့်တွင်လည်း Min Oo အမည်ဖြင့် Facebook သုံးစွဲသူက “သူ့သားလေးက ဆေးပေါက်ပြီး လုပ်လိုက်တာ” ဟု မှတ်ချက်ပြုထားသည်။

ထို့အတူ Help Myanmar Sanfrancisco Bay Area Page မှလည်း “Help Myanmar မိသားစုဝင်တဦး ဆုံးရှုံးခြင်း။ Help Myanmar ပွဲအားလုံးမှာ JigSawz တီး၀ိုင်း မောင်နှမတွေနဲ့အတူ မငြီးမငြူ တီးခတ်၊ သီဆို၊ ဖျော်ဖြေပေးနေတဲ့ ကိုစောဖြူရဲ့ချစ်လှစွာသောဇနီး ညီမ ရွှေ၀ါဝင်း မနေ့ည ၁၀ နာရီခန့်က ကွယ်လွန်သွားကြောင်း ကြားသိရလို့ မိသားစုနဲ့ထပ်တူ လွန်စွာစိတ်မကောင်းဖြစ်ရပါတယ်။ PDF တွေရဲ့ လစဥ်အလှူရှင်တစ်ဦးလည်းဖြစ်ပြီး ကွန်မြူနတီအတွက်၊ တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့မှုအားလုံးကို လေးစားစွာဖြင့် သာဓုခေါ်ပါတယ်။ ညီမ မြင့်မြတ်တဲ့ဘုံဘ၀ ရောက်ပါစေ။ မိသားစုအားလုံး ရင်ဆိုင်ဖို့ ခွန်အား ရရှိကြပါစေ” ဟု ဝမ်းနည်းစကားဆိုထားကာ အဆိုပါ ပိုစ့်အောက်တွင်လည်း Moe Myint အမည်ဖြင့် Facebook သုံးစွဲသူက “မအေကို သားက….ဝဋ်ကြွေး ကျေကြပါစေဟယ်” ဟု မှတ်ချက်ပြုထားသည်။

ထို့ကြောင့် အဆိုပါဖြစ်စဉ်အပေါ် MT News က Help Myanmar Sanfrancisco Bay Area Page ကို ဖြစ်စဉ် မှန်ကန်မှုရှိမရှိ မေးမြန်းထားသောလည်း ဖြေဆိုမှုမရှိသေးဘဲ ဖြေဆိုလာပါက ဆက်လက်သိရှိရသည်များနှင့် ယှဉ်တွဲဖော်ပြသွားမည်ဖြစ်သည်။

သို့သော် မိခင်ဖြစ်သူအား သားဖြစ်သူက မူးယစ်ဆေးသုံးစွဲပြီး ဓားဖြင့်ထိုးသတ်ခဲ့သည့်ဖြစ်စဉ် ကြားသိရကြောင်းနှင့် အဆိုပါဖြစ်စဉ်မှာ မှန်ကန်သည်ဟုလည်း ကွယ်လွန်သူ၏ ငယ်သူငယ်ချင်းဖြစ်သူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *