November 1, 2024

၁၄. ၄. ၂၀၂၄
Written by Min Mahar

မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဗုံးနှစ်လုံးရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲမှုဖြစ်ကာ ကလေးငယ် ၄ ဦးအပါအဝင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦးဒဏ်ရာများရရှိမှု ယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့သင်္ကြန်အကျနေ့(ဧပြီလ ၁၄ ရက်နေ့)မနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ကျုံးတောင်ဘက်၊ ၇၁ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ မြို့တော်ခန်းမတောင်ဘက်ရှိ စစ်ဆေးရေးဂိတ်အပြင်ဘက်ရှိ ၇၁ လမ်းနှင့်၂၇ လမ်းထောင့် ဆိုင်ကယ်ရပ်နားထားရှိရာ‌နေရာတွင် ရပ်နားထားရှိသော အမျိုးအစား နံပါတ်စိစစ်ဆဲဆိုင်ကယ်အတွင်းမှ ဗုံး ၁ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနီးတွင်ရှိနေသော လမ်းလျှောက်သင်္ကြန်လာရောက်လည်ပတ်သူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦး၊ ပေါင်း ၈ ဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ပြီးနောက် ၇၁ လမ်းနှင့် ၂၈ လမ်းထောင့်ရှိ ဆိုင်ကယ်ရပ်နားစခန်းရှိ ဆိုင်ကယ်အတွင်းမှလည်း မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဗုံးတစ်လုံးထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနီးတွင်ရှိနေသော အမျိုးသား ၃ ဦး၊ ကလေးငယ် ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)အသီးသီးရရှိခဲ့ကြောင်း သိရသည်။

” မန္တလေးမြို့တော်ဝန်မဏ္ဍပ်အနီးမှာ ဗုံးနှစ်လုံးရှေ့ဆင့် နောက်ဆင့်ပဲ အုံးဆိုပြီး ပေါက်ကွဲသံနှစ်ချက်ကြားလိုက်တယ်။ မန်းစည်ပင်ရုံးတောင်ဘက်မှာရှိတဲ့ ဆိုင်ကယ်ထားတဲ့နေရာမှာ ဆိုင်ကယ်အတွင်းထဲက ချိန်ကိုက်ဗုံး နှစ်လုံးကွဲတာလို့ကြားတယ်။ အသံကြားပြီးခဏနေတော့ စစ်သားနဲ့ရဲတွေက အကုန်ပိတ်ဆို့စစ်ဆေးတော့တာပဲ။ လူနာတင်ကားသံတွေပါ ကြားလာလို့ မေးကြည့်တော့ လူ ၁၂ ယောက်လောက် ထိတယ်ကြားတယ်။ ကလေးတွေလည်းပါတယ်လို့ကြားတယ်။ အချို့ဆို ဒဏ်ရာပြင်းတယ်လို့လည်း ပြောနေကြတယ်။ ဒီလို နေ့ထူးနေ့မြတ် အခါကြီးရက်ကြီးမှာတော့ မလုပ်သင့်ပါဘူး။ အခုလိုလုပ်တော့ရော ဘယ်သူတွေထိလဲ။ ကိုယ့်ပြည်သူတွေပဲ ပြန်ထိတာပဲ။ ဘာမှမသိနားမလည်တဲ့ ကလေးငယ်တွေပါ ပါတော့ တော်တေယ်စိတ်မကောင်းဖြစ်မိတယ်”ဟု ဗုံးပေါက်ကွဲမှုဖြစ်ပွားရာအနီး နေထိုင်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အောက် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၅ နှစ်အောက် ကလေးငယ် ၃ ဦး၊ ပေါင်း ကလေးငယ် ၄ ဦးအပါအဝင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၂ ဦးဗုံးစများထိမှန်သွားသည့်အတွက် ဒဏ်ရာရရှိသူအား မြတ်သဒ္ဒါလူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်းနှင့် အမျိုးသား ၂ ဦးမှာမူ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများရရှိသွားသောကြောင့် စိုးရိမ်ရသဖြင့် အထူးကြပ်မတ်၍ ဆေးကုသပေးနေကြောင်းလည်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *