October 23, 2024

ဒူဝါလရှီးလနှင့် ခမာတိုင်းမ်တို့ အမေးအဖြေပြုလုပ်နေမှုတွေ့ရစဥ်

၁၃. ၁၂. ၂၀၂၂
Written by Nay Moe

အရပ်သားများပံ့ပိုးမှုကြောင့် တိုက်ပွဲတွင် အနိုင်ရပြီး နိုင်ငံတစ်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက Khmer Times နှင့် တွေ့ဆုံမေးမြန်းခန်းရာတွင် ပြောသည်။

“သူတို့ဟာ တိုင်းပြည်ကို ချုပ်ကိုင်ထားနိုင်ခြင်း မရှိတဲ့အပြင် နေရာတိုင်းမှာလည်း အရပ်သားအတိုက်အခံတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရပ်သားတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ကျနော်တို့ တိုက်ပွဲမှာ အနိုင်ရပြီး နိုင်ငံတစ်ဝက်ကျော်ကို အခု ထိန်းချုပ်နိုင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းလိုမျိုး နိုင်ငံတကာ အသိုက်အဝန်းဆီက ရရှိတဲ့ ထောက်ပံ့မှုကိုရရင် ပြည်သူတွေ ကြုံနေရတဲ့ သတ်ဖြတ်မှုနဲ့ ဒုက္ခတွေ ပိုမိုမြန်ဆန်ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်” ဟု ဒူဝါလရှီးလက ဆိုသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် (ဟွန်ဆန်) အပါအဝင် အာဆီယံခေါင်းဆောင်များက ဘုံသဘောတူညီချက် (၅)ချက်ကို မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သည့် ရလဒ်ကောင်းတွေရရှိနိုင်ဖို့ စေတနာကောင်းနှင့် ကျိုးကြောင်းဆီလျော်စွာ လုပ်ဆောင်ခဲ့ကြသော်လည်း ထိုသဘောတူညီလျက်ကို SAC က အကောင်အထည်ဖော်ခဲ့ခြင်းမရှိဟု ဒူဝါလရှီးလက ဆက်ပြောသည်။

“NUG နဲ့ အာဆီယံရဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ဤအချက်ငါးချက် ဘုံသဘောတူညီမှုကို တိုးချဲ့ဖို့ လိုအပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ဖန်တီးဖို့အတွက် ASEAN လုပ်ငန်းစဉ်အဆင့်တိုင်းမှာ SAC ကိုယ်စားလှယ်တွေကို ကိုယ်စားပြုခွင့်မပြုသင့်ပါဘူး။

အကျဉ်းသား ၅,၇၇၄ ဦးကို လွှတ်ပေးခဲ့ပေမယ့် ၎င်းတို့အနက် ၄၀၀ ခန့်မှာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြပါတယ်။ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေဟာ ဆက်လက်ထိန်းသိမ်းထားခံရဆဲဖြစ်ပါတယ်” ဟု ဒူဝါလရှီးလက ဖြေဆိုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *