၁၄. ၄. ၂၀၂၄
Written by Shwe Phyo
ဂျပန်နိုင်ငံအခြေစိုက် KDDI ကုမ္ပဏီ၏လက်အောက်ခံကုမ္ပဏီဖြစ်သော KDDI Summit Global Myanmar သည် ပြီးခဲ့သောဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၌ လုပ်ငန်းများလုပ်ကိုင်ရာတွင် အရှုံးပေါ်ခဲ့သော်လည်း လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း KDDI ကုမ္ပဏီနှင့် Sumitomo Corporation တို့၏ ပူးတွဲထုတ်ပြန်ချက်များအရ သိရသည်။
KDDI ကုမ္ပဏီသည် ပြီးခဲ့သောဘဏ္ဍာနှစ်အတွင်း ၆ ရာခိုင်နှုန်း အရှုံးပေါ်ခဲ့ပြီး ဂျပန်ယန်း ၆၃၅ ဘီလျံသာရရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်က အမြတ်ငွေ ဂျပန်ယန်း ၆၈၀ ဘီလျံရရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် အရှုံးပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါဂျပန်ကုမ္ပဏီသည် မြန်မာဆက်သွယ်ရေးလုပ်ငန်း၊ (MPT)အပြင် ဂျပန်နိုင်ငံအခြေစိုက် Sumitomo Corporation နှင့် ပူးပေါင်းပြီး မြန်မာဆက်သွယ်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ကိုင်နေကြောင်း၊ Sumitomo Corporation ကလည်း ပြီးခဲ့သောနှစ်က အရှုံးပေါ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့အတူ KDDI Summit Global Myanmar သည်လည်း မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့သော ပြီးခဲ့သော ဘဏ္ဍာနှစ်အတွင်း ဂျပန်ယန်းငွေ ၁၃၀ ဘီလျံအရှုံးပေါ်ခဲ့ကြောင်း သိရသည်။
ဂျပန်အခြေစိုက် Sumitomo Corporation နှင့် KDDI ကုမ္ပဏီတို့က မြန်မာအစိုးရ ထုတ်ပြန်ခဲ့သော ဒေါ်လာကန့်သတ်ထိန်းချုပ်ရေး စည်းကမ်းများ ကောင်းမွန်မှုမရှိခဲ့ကြောင်း၊ မြန်မာဆက်သွယ်ရေးလုပ်ငန်းတွင်ပါဝင်လုပ်ကိုင်ရမှုစီးပွားရေးအခြေအနေများက မီးနီပြနေကြောင်းပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံနေသော ပြည်ပစီးပွားရေးလုပ်ငန်းရှင်အများစုက လုပ်ငန်းများပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ဂျပန်အခြေစိုက်ကုမ္ပဏီအများစု ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် Sumitomo Corporation နှင့် KDDI တို့ကို နော်ဝေးဗဟိုဘဏ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး “Watch List” စာရင်းသွင်းခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဂျပန်အခြေစိုက် Sumitomo Corporation နှင့် KDDI ကုမ္ပဏီတို့က ၎င်းတို့သည် မြန်မာပြည်သူများကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် မြန်မာစီးပွားရေးလုပ်ငန်းများဆက် လက်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများတိုးတက်ကောင်းမွန်မှုမရှိလျှင်လည်း ရပ်တည်ချက်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်ထားသည်။
REF Japan news