November 1, 2024

၁၃.၄.၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရွှေယဉ်မွန်ရပ်ကွက်၊ ၃၂ အေလမ်းနှင့် ၅၈ အေ လမ်းထောင့်ရှိ ဓာတ်တိုင်ပေါ်တွင် EPC ဝန်ထမ်းတစ်ဦး ဓာတ်တိုင်ပေါ်၌ မီးကြိုးပြုပြင်ရင်း ဓာတ်လိုက်သေဆုံးမှု ယနေ့ ဧပြီလ ၁၃ ရက် မွန်းလွဲ၂ နာရီခန့်က ဖြစ်ပွားခဲ့သည်။

လျှပ်စစ်မီးကြိုး ပြုပြင်ရန်အတွက် EPC ဝန်ထမ်းက မိန်းချကာ ဓာတ်တိုင်ပေါ်တက်ပြီး မီးကြိုးပြုပြင်နေစဥ် အနီးရှိ လူငယ် ၁ ဦးက မီးပျက်နေ၍ မိန်းခလုတ်ကို တင်လိုက်ရာမှ EPC ဝန်ထမ်း ဓာတ်လိုက်၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံတစ်ဦး၏ပြောကြားချက်အရ ကနဦး သိရသည်။

“မီးလာပြင်တာက နှစ်ယောက်ပါ။ တစ်ယောက်က ပစ္စည်းလိုလို့ သွားယူရင်း ဘေးကနေဖြတ်သွားတဲ့ ကောင်လေးတစ်ယောက်က မီးတင်လိုက်ရင်း ဖြစ်သွားတယ်လို့ သိရတယ်”ဟု ရွှေယဉ်မွန်ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ဓာတ်လိုက်သေဆုံးသူမှာ အသက် ၃၀ ကျော်အရွယ်ရှိသော EPC ဝန်ထမ်းတစ်ဦး ဖြစ်ပြီး လက်တွင် ညိုမဲဒဏ်ရာအချို့ရရှိခဲ့သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးသူ အမျိုးသားကို ချမ်းအေးသာစံလူမှုကူညီရေးအဖွဲ့က ဓာတ်တိုင်ပေါ်မှ သယ်ယူကူညီပြီးနောက် သေဆုံးသူ EPC ဝန်ထမ်းအမျိုးသားကို ရပ်ကွက်ရှိ လူမှုကူညီရေးအသင်းက မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *