November 1, 2024

၁၃.၄.၂၀၂၄
Written by KL

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၅၇/၃) နှင့် (၂၅၇/၄) ကြားတွင် ယနေ့ (ဧပြီ ၁၃ ရက်) နံနက် ၁၀ နာရီခွဲခန့်က Cygnus ကိုယ်ပိုင်ယာဥ်တစ်စီး အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို ကျော်၍ တစ်ဖက်ယာဉ်ကြောတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှသိရသည်။

ဖြစ်စဥ်မှာ ကလေးငယ်တစ်ဦး၊ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦး လိုက်ပါလာသော Cygnus အနက်ရောင်ကိုယ်ပိုင်ယာဥ်မှာ ရှေ့ဘီးပေါက်ပြီး အရှိန်လွန်ကာ လမ်းလယ်ကျွန်းကို ကျော်၍ တစ်ဖက်ယာဉ်ကြောတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကားက ညာဘက်ရှေ့ဘီးပေါက်ပြီး မှောက်တာပါ။ ဒဏ်ရာရတဲ့ အမျိုးသမီး ၃ ဦးက အသက် ၇၇ နှစ် အရွယ်ရယ်။ အသက် ၂၀ ရယ်၊ ၁၉ နှစ် အရွယ်တွေပါ။ ထိခိုက်ဒဏ်ရာရမှုတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရတယ်”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မော်တော်ယာဥ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *