October 23, 2024

၁၃. ၁၂. ၂၀၂၂
Written by Pan Ei

ကမ္ဘာကျော် တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Jin ဟာ ၁၈ လကြာ စစ်မှုထမ်းမှုကို ဆိုးလ်မြို့ရဲ့ မြောက်ဘက် ၆၀ ကီလိုမီတာအကွာမှာရှိတဲ့ ယွန်ချွန်မြို့က စစ်တပ် လေ့ကျင့်ရေးစခန်းမှာ ဒီနေ့ကနေ စတင်ထမ်းဆောင်တော့မှာပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားဥပဒေအရ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားအားလုံးဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၀ မကျော်ခင် စစ်မှုမထမ်းမနေရဖြစ်ပြီး ၁၈ လကနေ ၂၁ လအထိ တာဝန်ထမ်းဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံအဆင့်ပြိုင်ပွဲတွေမှာ ထိပ်တန်းဆုတွေ ဆွတ်ခူးပြီး နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်တဲ့ အားကစားသမားတွေ၊ ဂန္တဝင်နဲ့ ရိုးရာဂီတသမားတွေ၊ ဘဲလေးနဲ့ အခြားအကသမားတွေကို အထူးကင်းလွတ်ခွင့်ပေးထားပါတယ်။

BTS အဖွဲ့ဝင်တွေကိုလည်း စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုမှုတွေရှိခဲ့သလို ငြင်းခုံမှုတွေလည်း ရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလမှာတော့ BTS အဖွဲ့ဝင်တွေအားလုံးဟာ စစ်မှုထမ်းမှာ ဖြစ်တယ်လို့ သူတို့ရဲ့ အေဂျင်စီ Big Hit Music က ပြောခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အသက် ၃၀ အရွယ် Jin ဟာ မြောက်ကိုးရီးယားနိုင်ငံနဲ့ တင်းမာနေတဲ့ နယ်စပ်အနီးမှာရှိတဲ့ ယွန်ချွန်မြို့မှာ တခြားစစ်သည်အသစ်တွေနဲ့အတူ အခြေခံစစ်လေ့ကျင့်မှု ငါးပတ်ကြာ လေ့ကျင့်မှုပြုလုပ်ရမှာ ဖြစ်ပြီး လေ့ကျင့်မှုပြီးတဲ့နောက်မှာတော့ စခန်းတစ်ခုမှာ တာဝန်ပေးအပ်ခံရမှာ ဖြစ်ပါတယ်။

Jin နဲ့ Bit Hit Music တို့ဟာ လူစုလူဝေးကြောင့်ဖြစ်ရတဲ့ ပြဿနာတွေကို တားဆီးဖို့အတွက် လေ့ကျင့်ရေးစခန်းမှာ ပရိသတ်တွေနဲ့ စာနယ်ဇင်းသမားတွေကို စုဝေးခြင်းမပြုဖို့ တောင်းဆိုထားခဲ့ပါတယ်။ သို့သော်လည်း မျှော်လင့်မထားတဲ့ အရေးပေါ် အခြေအနေတွေအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်နဲ့ ဒေသဆိုင်ရာ အစိုးရ အာဏာပိုင်တွေရဲ့ တပ်ဖွဲ့ဝင် ၃၀၀ ခန့်က အသင့်ရှိနေပြီး အရေးပေါ်လူနာတင်ယာဉ်တွေလည်း အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ် ဇွန် ၁၃ ရက်မှာ ပွဲဦးထွက်ခဲ့တဲ့ BTS အဖွဲ့ဟာ Billboard ရဲ့ Hot 100 စာရင်း ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့ ပထမဆုံး K-pop အဖွဲ့ဖြစ်ပြီး ကုလသမဂ္ဂအစည်းအဝေးမှာလည်း ဟောပြောဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ Jin ရဲ့ စစ်မှုထမ်းကာလဟာ BTS အဖွဲ့ရဲ့ ၁၁ နှစ်မြောက် နှစ်ပတ်လည်မတိုင်ခင် ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ ပြီးဆုံးမှာပဲ ဖြစ်ပါတယ်။

Ref; AP News

Leave a Reply

Your email address will not be published. Required fields are marked *