၁၂. ၄. ၂၀၂၄
Written by Nyein Kyaw
နေပြည်တော်တွင် တည်ထားကိုးကွယ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဘုရားပရဝဏ်နှင့် ဆက်စပ်နေရာများတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဗုဒ္ဓတက္ကသိုလ်တစ်ခု တည်ဆောက်သွားမည် ဖြစ်သည့်အပြင် အခြားဗုဒ္ဓဘာသာနိုင်ငံများက ၎င်းတို့ နိုင်ငံကိုယ်စားပြု ဗုဒ္ဓဘာသာကျောင်းများ လာရောက် တည်ဆောက်လိုပါကလည်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ဘာသာပေါင်းစုံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုသာ အဓိက ကိုးကွယ်ကြကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ကြောင်း ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်သည့်နိုင်ငံအဖြစ် နေပြည်တော်သည် ဗဟိုချက်ဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် ဘုရားကြီးပရဝုဏ်နှင့် ဆက်စပ်လျက်ရှိသည့် နေရာများတွင်လည်း ဘာသာရေးဆိုင်ရာများနှင့် နိုင်ငံတကာနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓတက္ကသိုလ်တစ်ခု တည်ဆောက်ရန်လျာထားကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အိမ်နီးချင်း အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗိယက်နမ်နိုင်ငံတို့တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူများရှိကြကြောင်း၊ အလားတူ ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူရာဖြစ်သည့် နီပေါ၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံများသည်လည်း ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများဖြစ်သဖြင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏နိုင်ငံကိုယ်စားပြုသည့် ကျောင်းများလာရောက် တည်ဆောက်လိုပါက တည်ဆောက်နိုင်ရေး နေရာလျာထားဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်တွင်းရှိ ထေရဝါဒဗုဒ္ဓဘာသာများအတွက်လည်း သင့်လျော်သည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ တည်ဆောက်လိုပါကလည်း ခွင့်ပြုပေးရန် နေရာများ သတ်မှတ်ထားပြီးဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဘာသာပေါင်းစုံနှင့် ပတ်သက်ပြီး မေတ္တာလက်ဆောင် တစ်ခုပေးချင်သဖြင့် ယခုအခမ်းအနားကို နှစ်သစ်ကူးအခါသမယတွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး SAC ဥက္ကဋ္ဌက ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များအတွက် ဘာသာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရန်အတွက် မြေပေးမိန့်များကို ပေးအပ်ခဲ့ပြီး ဗုဒ္ဓဘာသာကိုယ်စားလှယ်၊ အင်္ဂလီကန် ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ ဆွန်နီအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ရှီယာအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ဟိန္ဒူဘာသာကိုယ်စားတို့က အသီးသီးလက်ခံရယူခဲ့သည်။