MT News
Written By Myo Khine
သံဖြူဇရပ် – ရေးလမ်းမကြီး၊ မော့ကနင်ရွာမှ မော်လမြိုင်ဘက်အထွက်တွင် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက Hijet ကားတစ်စီးနှင့် အခြားကားတစ်စီးတို့ တိုက်မိပြီး Hijet ကားတိမ်းမှောက်ကာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း လမိုင်းလူငယ်ပရဟိတအဖွဲ့မှ သိရသည်။
“ကားမှောက်တယ်လို့ ကျွန်တော်တို့ လမိုင်းပရဟိတလူငယ်များအဖွဲ့ကို အကြောင်းကြားလာတာကြောင့် အခင်း ဖြစ်တဲ့နေရာကို သွားကြည့်တဲ့အခါ Hijet ကားကို ကုန်ကားကြီးက ဝင်တိုက်တယ်လို့ သိရတယ်။ အဲဒီကားက မောင်းပြေးပြီ။ ဒဏ်ရာရတာက ၆ ယောက်လောက် ရှိမယ်”ဟု အဆိုပါ ပရဟိတ အဖွဲ့တာဝန်ရှိသူက MT News သို့ ပြောသည်။
ယင်းကြောင့် သေဆုံးသူ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရသူများအား လမိုင်းပရဟိတလူငယ်များအဖွဲ့ ၊ ရွှေဟင်္သာလူမှုကူညီရေးအသင်း (မော့ကနင်)နှင့်မေတ္တာစမ်းရေအသင်း (အစင်) တို့ပူးပေါင်းကာ လမိုင်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း၊ ယင်းမှတစ်ဆင့် ပြင်းထန်ဒဏ်ရာရရှိသူများအား မော်လမြိုင်ဆေးရုံကြီးနှင့် မော်လမြိုင် ငွေမိုးဆေးရုံသို့ ထပ်ဆင့်လွှဲပြောင်းကူညီပို့ဆောင်ပေးခဲ့ရကြောင်း ၊ လူနာရှင်မိသားစုများကလည်း အသင်းအတွက်အလှူငွေ (၁၈၀၀၀၀)ကျပ်လှူဒါန်းပေးခဲ့ကြောင်း လမိုင်းလူငယ်ပရဟိတအဖွဲ့မှ သိရသည်။