October 23, 2024

MT News

Written By Myo Khine

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရဟတ်ယာဉ်အဂတိမှုများအတွက် ယနေ့ ဒီဇင်ဘာ ၁၂ ရက်တွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက နိုင်ငံတကာ စံချိန် စံညွှန်းနှင့်ဆောင်ရွက်ခဲ့သည်ဟု သက်သေထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက MT News သို့ပြောသည်။

“ဒီနေ့က စွပ်စွဲခံရသူဘက်က သက်သေကို စစ်ပါတယ်။သက်သေအဖြစ် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ပါတယ်။ သုံးမှုပဲ စစ်ဖြစ်ပါတယ်။ အမှုအမှတ် ၄၆၊၄၇၊ ၄၈ ပေါ့။ ကျန်တဲ့ ၄၉ နဲ့ ၅၀ ကိုက အချိန်အရ မစစ်ခဲ့တော့ပါဘူး။ သူကတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှာ ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် အဲဒီ ရဟတ်ယာဉ်ကို ငှားတဲ့ ကိစ္စတွေ၊ သက်တမ်းတိုးတဲ့ကိစ္စတွေ၊ အသစ်ဝယ်တဲ့ ကိစ္စတွေမှာ သူပါဝင်ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေကို ထွက်တာပေါ့။ လုပ်တဲ့လုပ်ငန်းကိစ္စတွေဟာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်တယ်ပေါ့။ စာချုပ်တွေဆိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ချုပ်ဆိုခဲ့တာ၊၊ နောက်တစ်ချက်က ချုပ်ဆိုတဲ့အခါမှာလည်း တန်းပြီးချုပ်တာမဟုတ်ဘူး။ အစည်းအဝေး အဆင့်ဆင့် လုပ်ပြီးတော့ ရှေ့နေချုပ်ရုံးက အကြံပြုချက်တွေ၊ သဘောထားမှတ်ချက်တွေ၊ စီမံဘဏ္ဍာ၊ ပို့ဆက်ဝန်ကြီးဌာနက သဘောထားမှတ်ချက်တွေအတိုင်းကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ချုပ်ဆိုတာပေါ့။ အဲဒီသဘောမျိုး ထွက်ဆိုခဲ့တယ်။ ဦးဝင်းမြင့်ရော ဒေါ်အောင်ဆန်းစုကြည်ရေး နေကောင်းကျန်းမာကြပါတယ်”ဟု ယင်းက ပြောသည်။

အဆိုပါ အမှု ၅ မှုအတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက် က စ၍ နေပြည်တော်အချုပ်ရှိ အထူးသီးသန့်တရားရုံး၌ တရားခံပြ သက်သေများကို ဆက်တိုက် စစ်ဆေးနေခြင်းဖြစ်ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း ဦးကျော်မျိုး၊ AMAS ကုမ္ပဏီက ဒါရိုက်တာ ဦးရဲမြင့်တို့ကို စစ်ဆေးခဲ့ပြီး ဖြစ်၍ ယနေ့တွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအား စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ရဟတ်ယာဉ်အမှုများနှင့်ပတ်သက်၍ ဦးဝင်းမြင့်ကို နိုဝင်ဘာလ ၁၅ ရက် တွင် နေပြည်တော် အချုပ်ထောင်အတွင်း အထူးသီးသန့်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်တွင် ပြီးစီးခဲ့ကာ ယင်းနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို တစ်မှု စတင်စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်တွင် ရဟတ်ယာဉ်အမှူ ၅ မှုလုံး စစ်ဆေးပြီးစီးခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကြောင်း ရဟတ်ယာဉ် နှင့်ပတ်သက်သောအမှုများမှာ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *