November 1, 2024

၁၁. ၄. ၂၀၂၄
Written by Thettant

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ City Mall St.John ရှော့ပင်းစင်တာရဲ့ အဆင်း စက်လှေကားထဲ အသက်၂ နှစ်ခန့် ကလေးငယ်တစ်ဦး ခြေထောက်ညပ်မှု ဒီနေ့လယ်က ဖြစ်ပွားခဲ့ပေမဲ့ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“မီးသတ်တွေ မခေါ်ခင်ကတည်းက ကလေးက ​ခြေထောက်ညပ်နေတာ။ စက်လှေကား ခြေခုံနှစ်ခုကြားမှာ ကလေးခြေထောက်လေးဆိုတော့ ညပ်ဝင်သွားတာ။ ဝိုင်းထုတ်ကြတာကို ဘယ်လိုမှထုတ်မရဘူး။ အဲဒါနဲ့ မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်တော့မှ ညပ်နေတဲ့ခြေနင်းခုံအဆက်နှစ်ခုကြား ကလန့်ပြီး ထုတ်ရတာ။ ဒဏ်ရာတော့ရသွားတယ်။ ညပ်တဲ့နေရာလေးက သွေးတွေရွှဲနေတယ်။ ကျိုးကြေသွားတဲ့ ကြီးကြီးမားမားတော့မဟုတ်ဘူး။ ကလေးကမိန်းကလေး။ အသက်က ၂ နှစ်ကျော်လောက်ပဲ”လို့ မျက်မြင်ကူညီပေးခဲ့သူကပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီးလည်း မီးသတ်ဦးစီးဌာနက ဒီ နေ့လယ် ၃ နာရီ ၁၀ မိနစ်အချိန်ခန့်က လမ်းမတော်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနဲ့ ပြည်လမ်းထောင့်၊ City Mall St.John မှာ ကလေးငယ် (၁)ဦး စက်လှေကားညပ်မှု ဖြစ်ပွားနေတယ် သတင်းအရ ကျောက်တံတားမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး ကယ်ဆယ်ရေး ထွက်ခွာခဲ့သလို နေ့လယ် ၃ နာရီ မိနစ် ၄၀ အချိန်မှာ စက်လှေကားထဲ ခြေထောက်ညပ်နေတဲ့ ကလေးငယ်ကို ကယ်ထုတ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြင်တွေ့ခဲ့တဲ့ ညီညီမောင်(စမ်းချောင်း)ကလည်း မိန်းကလေးငယ် ​ခြေထောက်ညပ်တဲ့ဖြစ်စဥ်ကို ခြေထောက်ညပ်မှုက ခြေမပါအတွင်းဝင်ပြီး ညပ်နေတာဖြစ်ကြောင်း၊ စင်တာ၊ ဓာတ်လှေကားကုမ္ပဏီက ကနဦးကယ်ထုတ်ကြကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်တွေရောက်လာမှကယ်နိုင်တာဖြစ်ပြီး ဖြစ်စဥ်ကတစ်နာရီလောက်ကြာကြောင်း၊ ဆရာဝန်တွေကလည်း အသင့်စောင့်နေသလို သူနာတင်ယာဥ်(ဆုံဆည်းရာပရဟိတအဖွဲ့) လည်း ရောက်နေပြီး အသင့်ခေါ်သွားကြောင်း၊ မိဘတွေ သတိထားသင့်ကြောင်း လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။ (Photo – MFSD & Nyi Nyi Maung Sanchaung)

Leave a Reply

Your email address will not be published. Required fields are marked *