November 1, 2024

၁၁. ၄. ၂၀၂၄
Written by Ye Kyaw

အကောက်ခွန်လုပ်ငန်းများ လွယ်ကူမြန်ဆန်စေရန် ရေကြောင်းနှင့် လေကြောင်းမှ တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းများအတွက် မြန်မာနှစ်သစ်ကူးနှစ်ဆန်း ၁ ရက်နေ့မှအပ သင်္ကြန်ရုံးပိတ်ရက်အားလုံးတွင် အချိန် ပြည့် ဆောင်ရွက်ပေးမည့်အပြင် အချိန်ပို (Overtime) လျှောက်ထားနိုင်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ရေကြောင်းနှင့် လေကြောင်းမှတစ်ဆင့် တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းများအား မဟာသင်္ကြန် ရုံးပိတ်ရက်ဖြစ်သော ဧပြီ ၁၃ ရက်၊ ဧပြီ ၁၈ ရက်နှင့် ဧပြီ ၂၀ ရက်တို့တွင် ရုံးချိန်အပြည့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့မှအပ ကျန်ရုံးပိတ်ရက်များတွင် အချိန်ပို (Overtime) လျှောက်ထားလာပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

အချိန်ပို (Overtime) ဆောင်ရွက်လိုသော ကုမ္ပဏီများအနေဖြင့် တင်သွင်း/တင်ပို့လိုသော ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်အခွန်နှင့် ပတ်သက်သော Deposit ငွေလုံလောက်စွာထားရှိသွားရန်နှင့် အချိန်ပိုလုပ်ငန်း ဆောင်ရွက်လိုမှုအား ဧပြီ ၁၂ ရက် နေ့လယ် ၂ နာရီအချိန်အထက် နောက်မကျဘဲ အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်သည်။

Asia World ဆိပ်ကမ်းတွင် အကောက်ခွန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှအပ ကျန်ရုံးပိတ်များတွင် ပို့ကုန်ကုန်သေတ္တာများ စစ်ဆေးတင်ပို့မှုအား အချိန်ပို (Overtime) ဆောင်ရွက်ပေးရန် လျှောက်ထားပါက အဆိုင်း ၃ ဆိုင်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် အရေးပေါ် COVID ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ နိုင်ငံတော်လိုအပ်ချက်အရ အရေးတကြီး တင်သွင်းလာသော ပစ္စည်းများ ထုတ်ယူနိုင်‌ရေးအတွက် ကြိုတင်လျှောက်ထားပါက ကုန်ပစ္စည်းထုတ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

ကုန်ပစ္စည်းများ တင်သွင်း/တင်ပို့ရာတွင် အခက်အခဲများရှိပါက ၀၉၅၂၆၁၇၂၀၊ ၀၉၄၁၀၀၆၇၉၂၊ ၀၉၇၈၅၀၅၅၄၅၆၊ ၀၉၅၀၀၉၃၄၂၊ ၀၉၄၂၈၃၀၄၃၆၃၊ ၀၉၅၀၅၈၄၈၆ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ- ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် Asia World ဆိပ်ကမ်းကို တွေ့ရစဉ် (Photo- Asia World & Aung Khant Zaw)

Leave a Reply

Your email address will not be published. Required fields are marked *