၁၃. ၁၂. ၂၀၂၂
Written by Ye Kyaw
ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများကြောင့် စစ်တွေနယ်စပ် ကုန်သွယ်ရေး အနည်းငယ်ကျဆင်းခဲ့ပြီး မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ်ကုန်သွယ်မှု သိသိသာ ထိခိုက်ခဲ့မှုမရှိကြောင်း၊ လက်ရှိတွင် ပုံမှန်းနီးပါးပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု၊လက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက MT News သို့ ပြောသည်။
“ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးကတော့ လက်ရှိအနေထားကတော့ စစ်တွေကို ကားလမ်းတွေ ခဏပိတ်ထားတဲ့အချိန်မှာတော့ သူတို့က တောင်ကုတ်တို့ဘက်က ဆင်းတယ်။ သံတွဲတို့ဘက်ကလည်း တချို့ ကုန်သည်တွေကတော့ ကြိုးစားနေတာပေါ့လေ။ ကျောက်ဖြူဘက်ကလည်း တချို့ငါးပို့နိုင်တဲ့ ငါးပို့မယ့်ကုမ္ပဏီတွေကိုလည်း ကျောက်ဖြူဘက်က ပို့လို့ရအောင်လည်း စီစဥ်ခဲ့တာတွေရှိတယ်။ လက်ရှိအနေအထားက စစ်တွေအထိ ရောက်သွားပြီဆိုတော့ စစ်တွေကလည်း ပြီးခဲ့တဲ့အပတ်ကမှ ဖွင့်တာဆိုတော့ သူ့တို့ကလည်း ပစ္စည်းတွေက စစ်တွေအထိလာဖို့အတွက် အစီအစဥ်လေးတွေ ချနေရတဲ့အနေထားမှာပဲရှိသေးတယ်။ ခြုံပြီးပြောရရင်တော့ နယ်စပ်ကုန်သွယ်ရေးက တအားကြီးတော့ ကျဆင်းသွားတဲ့အနေအထားတော့ မရှိပါဘူး” ဟု ဦးတင်အောင်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက် သွယ်ရေး ပြန်လည်ဖွင့်ပေးထားခြင်းနှင့် စက်သုံးဆီဈေး အထိုက်အလျောက် ကျဆင်းလာသည့်အတွက် ကုန်သွယ် ရေး ပုံမှန်နီးပါးဖြစ်လာပြီး မကြာမီ ကုန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု၊လက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ယခင်က ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိတ်ထားခြင်းအပြင် စက်သုံးဆီ တင်သွင်းမှုကိုပါ ယာယီပိတ်ထားခဲ့ခြင်းကြောင့် ကုန်ပစ္စည်းများ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ကြောင်း၊ အထူးသဖြင့် စစ်တွေအခြေစိုက် ဒေသများတွင် ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကတော့ ကုန်သွယ်ရေးနဲ့ ပတ်သက်လာရင်တော့ လွယ်ကူရမယ်၊ မြန်ဆန်ရမယ်ပေါ့လေ။ ဒါဆိုရင်တော့ သယ်ယူပို့ဆောင်ရေးစရိတ်တွေက အထိုက်သင့်လျောက်သက်သာမယ်။ စားသုံးတဲ့သူတွေကလည်း ဈေးနှုန်းကသူတို့သက်တဲ့နှုန်းထားတွေနဲ့ ရမယ်ပေါ့လေ။ အဲလိုဖြစ်သွားအောင်လို့ ကျွန်တော်တို့က ဖြစ်နိုင်လို့ရှိရင် အတက်နိုင်ဆုံး လမ်းခရီးမှာ အချိန်မကြန့်ကြာအောင် နောက်တစ်ခုက မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူလည်း ရောက်အောင် အဲဒီလိုမျိုးတွေ ပံ့ပိုးနိုင်ရင်တော့ ဒါကပိုပြီးတော့ ကောင်းသွားမှာပေ့ါ” ဦးတင်အောင်ဦးက ပြောသည်။