November 1, 2024

၁၀. ၄. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင် (EEC)တို့အကြား ကုန်ပစ္စည်းအပြန်အလှန်တင်ပို့နိုင်ရေးနှင့် တိုက်ရိုက် ငွေပေးချေနိုင်‌ရေးတို့အပြင် တိုက်ရိုက်လေကြောင်းပျံသန်းနိုင်ရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥရာပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H. E Sergei GLAZEV ဦးဆောင်သော ကိုယ်စားအဖွဲ့တို့အား ယနေ့ နေပြည်တော်တွင် လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တိုက်ရိုက်ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် ပတ်သက်၍ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်လေကြောင်းပျံသန်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် ရေနံထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် တွင်းထွက်သံယံဇာတပစ္စည်းများအား အဆင့်မီကုန်ချောများအဖြစ် ထုတ်လုပ်နိုင်သည့် အခြေအနေများ၊ အထည်အလိပ်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်း‌ဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား အခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဥရောပအာရှစီးပွားရေးကော်မရှင်(EEC) အဖွဲ့အား ရုရှား၊ အာမေးနီးယား၊ ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် ကာဂျစ်စတန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၅ နိုင်ငံနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *