November 1, 2024

၁၀. ၄ .၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး ​မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက် နေအိမ်ခြံဝန်းတစ်ခုအတွင်း မြွေအကောက်ပေါက်တွေ မကြာခဏတွေ့ရှိနေရလို့ မြွေအသိုက်ရှိနေတယ်ထင်တာကြောင့် ပရဟိတအသင်းတွေဆီ အိမ်ရှင်က လှမ်းအကြောင်းကြားတာကြောင့် မြွေအကောင်ပေါက်တွေကို သွားရောက်ဖမ်းဆီး ရှင်းလင်းပေးပြီး ဘေးလွတ်ရာဆီ ဒီနေ့ ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က ပို့ဆောင်ပေးခဲ့တယ်လို့ ​​​မြွေမင်းသားကိုတိုးအောင်က ဆိုပါတယ်။

ရတနာဖြိုးပရဟိတအသင်းနဲ့အတူ သွားရောက်ကူညီခဲ့တဲ့ မြွေမင်းသားကိုတိုးအောင်က “အိမ်ရှင်တွေက သူတို့မြွေနဲ့ တိုးတဲ့အခါ မြွေက ပါးပြင်းထောင်တယ်ပေါ့။ အဲ့ဒါကြောင့် အဆိပ်ရှိမြွေဆိုးလို့ ထင်ပြီး ကျွန်တော့်ကို လှမ်းခေါ်လို့ ရတနာဖြိုးပရဟိတ အသင်းနဲ့ အတူသွားခဲ့တာပါ။ ရောက်တော့ မြွေအမျိုးအစားက ရေမြွေဗျောက်မလို့ခေါ်တဲ့ အဆိပ်မရှိတဲ့ မြွေအမျိုးအစားဖြစ်တာတွေ့ရတယ်။ နောက်ပြီး ၂ ရက်သားလောက်ပဲရှိသေးတဲ့ မြွေပေါက်လေးတွေပါ။ ခဲတံလုံးအရွယ်အစားလောက်ပဲရှိပါသေးတယ်။ စုစုပေါင်း ကျွန်တော်တို့ ခုနစ်ကောင် ရှာတွေ့ခဲ့ပါတယ်” လို့ ပြောပါတယ်။

အခုအချိန်အခါဟာ မြွေတွေ အကောင်မွေးချိန်၊ ဥမှသားပေါက်ချိန် ရောက်ရှိလာတာကြောင့် သတိပြုသင့်တဲ့အချိန်ကာလလည်းဖြစ်ပြီး အထူးသဖြင့် အရင်က လယ်ကွင်းပြင်တွေ ဖြစ်ခဲ့ဖူးတဲ့ မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ​ရာသီဥတု ပူတဲ့အခါ စိုစွတ်တဲ့နေရာတွေဆီ ရွှေ့ပြောင်းနေထိုင်ကျက်စားရင်း လူနေထိုင်ရာ အနီးအနားဖြစ်တဲ့ ပန်းအိုး၊ သောက်ရေအိုးစင်နဲ့ မီးဖိုဆောင်တွေဆီ ရောက်ရှိလာကာ လူတွေ အထိတ်တလန့်ဖြစ်ရတာလို့ သိရပါတယ်။

ကိုတိုးအောင်က “မြွေက အခုတွေ့တာ အဆိပ်မရှိတဲ့အကောင်ပေမယ့် ဒဂုံမြို့သစ် လေးမြို့နယ်နဲ့ လှိုင်သာယာဘက်မှာ မြွေပွေး၊ မြွေဟောက်တွေ တွေ့လာရပါတယ်။ ရာသီဥတုကြောင့်ရော ၊ ပတ်ဝန်းကျင်မှာ ဖား၊ ကြွက် စတဲ့အကောင်တွေ ပေါများနေတာကြောင့်ပါ။ အစာကွင်းဆက်ဖြစ်တဲ့ မြွေတွေလည်း တွေ့မြင်လာရတာပါ” လို့ ဆိုပါတယ်။

မြွေကို မြင်ရင် စေတနာဝန်ထမ်းတွေ ၊ မီးသတ်တွေဆီ ချက်ချင်းအကြောင်းကြားဖို့နဲ့ မသတ်ဖို့လည်း အသိပညာမျှဝေလာသလ်ို ၊ အကယ်၍ သတ်လိုက်ပါက အစာကွင်းဆက်ပြတ်ပြီး မလိုလားအပ်တဲ့ ပိုးမွှားတွေ များလာနိုင်ကာ ပလိပ်ရောဂါလို့ ရောဂါဆိုးတွေ ပြန်လည်ဖြစ်ပွားလာနိုင်တာကို သတိပြုရမယ်လို့ ဆိုပါတယ်။

“မြွေကိုတွေ့ရင် ၁၀ ပေအကွာကနေပဲ မျက်ခြေမပျက်တမ်းစောင့်ကြည့်ပေးပါ။ အနားတိုးတာ၊ ထိခိုက်ပြီး ဖမ်းတာတွေ မကျွမ်းကျင်ဘဲ မလုပ်စေချင်ပါဘူး။ မြွေဆရာတောင် မြွေနဲ့သေပါတယ်။ ရန်ကုန်မှာလည်း အန္တရာယ်ဖြစ်စေနိုင်တဲ့ မြွေမျိုးစိတ်တွေကျက်စားနေထိုင်ပါတယ်”လို့ စေတနာ့ဝန်ထမ်းမြွေမင်းသား ကိုတိုးအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ မြွေကိုက်ခံရတယ်လို့ ယူဆရတဲ့ အသက် (၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ဆေးရုံကို ပို့ဆောင်ကုသစဉ် သေဆုံးခဲ့​တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *