၁၀. ၄. ၂၀၂၄
Written by Phyo Wei
ကုလသမဂ္ဂစင်မြင့်ထက်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့က ပြန်လည်ကာကွယ်ပေးတာကို မြင်ခဲ့ရတဲ့ ဒီရက်သတ္တပတ်မှာပဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက လေယာဥ်ဆီတင်သွင်းတာပိတ်ဖို့ တောင်းဆိုလာတာကို မြင်ခဲ့ရသလို မြန်မာနိုင်ငံဟာ နေရာအနှံ့မိုင်းကျင်းတွေဖြစ်လာတဲ့အပြင် ဒီလိုမိုင်းကျင်းတွေ၊ တိုက်ပွဲတွေဖော်ဆောင်ဖို့ NUG နဲ့ PDF တွေကိုယ်တိုင်က သစ်ခိုးထုတ်သူတွေ ဆက်ကြေးယူလွှတ်ပေးတာမျိုးမြင်လာရလို့ ပြည်သူတွေနဲ့ အငြင်းပွားကြတဲ့ ဖြစ်စဉ်တွေနောက်မှာ မြန်မာနိုင်ငံကမြို့တွေဟာ ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ ထိပ်သီးမြို့တွေဖြစ်လာပြီး သစ်ပင်လိုမျိုးသယံဇာတပြုန်းတီးမှုနဲ့ သဘာ၀ပတ်ဝန်းကျင်ယိုယွင်းမှုကို တွေ့လာရပါတယ်။
အခြားတစ်ဖက်မှာဆိုရင်လည်း မြန်မာနိုင်ငံမှာ ဘွဲ့ရသူအရေအတွက် သုံးသန်းလောက်ပဲရှိလို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စိုးရိမ်စရာရှိလာတာ၊ ရတနာစွမ်းအင်စီမံကိန်းကနေ အမေရိကန် Chevron အပြီးထွက်သွားတာ၊ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံအကုန်ခံပြီး မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်မဲ့ အိန္ဒိယအစိုးရအစီအစဉ်ကို မီဇိုမျိုးနွယ်စုတွေ ကန့်ကွက်နေတာ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ၊ သမ္မတ(ငြိမ်း) ဦးသိန်းစိန်အပါအဝင် နိုင်ငံ့ခေါင်းဆောင်ဖြစ်ခဲ့သူတွေကို ဂါရ၀ပြုတွေ့ဆုံတာ၊ တရုတ်က မြန်မာနယ်စပ်မှာ ကျည်အစစ်နဲ့ စစ်ရေး လေ့ကျင့်ပြီး နယ်စပ်လုံခြုံရေး အမြင့်ဆုံး တပ်လှန့်တာ၊ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက မြေမြှုပ်မိုင်းထောင်မှု အများဆုံးနိုင်ငံဖြစ်လာတာဆိုတဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကိုတော့ ဘင်္ဂါလီတွေကို နိုင်ငံတော်အဆင့်တောင်းပန်မယ်ဆိုတဲ့ NUG နဲ့ NUCC အကွဲအပြဲအကြောင်း၊ နေပြည်တော်ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေနဲ့ ထိုင်းနယ်စပ်ဘက်ခြမ်းက စစ်ရေးတင်းမာမှုတွေကို သုံးသပ်ချင်ပါတယ်။
◾ ဘင်္ဂါလီတွေကို နိုင်ငံတော်အဆင့်တောင်းပန်မယ်ဆိုတဲ့ NUG နဲ့ NUCC အကွဲအပြဲ
ပါဝါပြ အခွင့်အရေးယူဖို့ပဲ လုပ်တတ်ကြတဲ့ NUG နဲ့ NUCC တို့ကြားမှာ ပွတ်တိုက်မှုဖြစ်စဉ်တွေမြင်ရသလို NUCC(အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ)ဟာ အချက် ၂၁ ချက်ပါတဲ့ ထုတ်ပြန်ချက်နဲ့ NUG ကို ကြိမ်းမောင်းထားတာဖြစ်ပြီး သူ့ထုတ်ပြန်ချက်တွေအားလုံးက လေလှိုင်းအစိုးရတာဝန်ယူထားတဲ့ NUG မလုပ်နိုင်တာတွေ ထောက်ပြထားတာပါ။ ဒီအထဲမှာ ထူးခြားချက်တွေ ထုတ်ပြရမယ်ဆို အမှတ်စဥ် (၈) မှာ”၈။ တရုတ်နိုင်ငံဆိုင်ရာမူဝါဒထုတ်ပြန်မှု၊ ဘုံနိုင်ငံရေးရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်မှု၊ FSCC ဖွဲစည်းမှုတို့ကဲ့သို နိုင်ငံရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်သူ့ညီလာခံ ကို ကိုယ်စားပြုထားသော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအား တိုင်ပင်ဆွေးနွေးမှုမရှိဘဲ အမျိုးသားညီညွတ်ရေးအစိုးရမှ လုပ်ဆောင်ခဲ့ခြင်းများသည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ပြဌာန်းချက်များကို ချိုးဖောက်ကျော်လွန် လုပ်ဆောင်ခဲ့သဖြင့် ထပ်မံ လုပ်ဆောင်ခြင်းများ မပြုလုပ်ရန်” လို NUG ရဲ့ လုပ်ရပ်တွေကို တားမြစ်ကြိမ်းမောင်းခဲ့ပါတယ်။ ဒါ့အပြင် အမှတ်စဥ် (၁၁) မှာ “တိုင်းရင်းသားပြည်သူလူထုများနှင့် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် အစိုးရခေတ် အဆက်ဆက်က ကျူးလွန်ခဲ့သော အနိုင်ကျင့် ဖိနှိပ်ညှင်းပန်းခဲ့မှုများ အားလုံးအတွက် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတိုမှ ဦးဆောင်၍ နိုင်ငံတော် အဆင့် ဝန်ချတောင်းပန်မှု (National Apology) ပြုလုပ်ရန်” လို့ ဘင်္ဂါလီတွေ တောင်းပန်ဖို့ NUCC က ညွှန်ကြားခဲ့ပါတယ်။ ဒါ့အပြင် PDF တွေရဲ့ မုဒိမ်းမှုနဲ့ပတ်သက်ပြီး အမှတ်စဥ် (၁၃) မှာ “တော်လှန်ရေးကာလအတွင်း အမျိုးသမီးများ၊ လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု၊ လိင်အကြမ်းဖက်မှု၊ မုဒိမ်းကျင့်မှု၊ သက်ငယ်မုဒိမ်းမှု၊ သတ်ဖြတ်မှုများကို လုံးဝငဲ့ညှာမှုမရှိမူဝါဒ (Zero Tolerance) ဖြင့် ပြတ်သားစွာ အရေးယူဆောင်ရွက်ရန်” လို့ ညွှန်ကြားခဲ့သလို PDF မထောက်ခံရင် ဖမ်းဆီးသတ်ဖြတ်လုယက်ပြန်ပေးဆွဲနေတာနဲ့ပတ်သက်လို့လည်း အမှတ်စဥ် (၁၄) မှာ “တော်လှန်ရေးကာလအတွင်း ပြည်သူလူထုအပေါ် မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန်” လို့ ညွှန်ကြားခဲ့ပြီး PDF တွေ ဆက်ကြေးကောက်၊ လုယက်နေတာကိုလည်း အမှတ်စဥ် (၁၆) မှာ ” တော်လှန်ရေးထိန်းချုပ်နယ်မြေများအတွင်း အခွန်ကောက်ခံမှုများကို စနစ်တကျရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ပြည်သူလူထုအပေါ် မတရားသဖြင့် အခွန်ကောက်ခံနေမှုများကို ထိရောက်စွာတားဆီးအရေးယူရန်”လို NUCC က အမိန့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူလူထုအလှူငွေတွေကို ကိုယ်ကျိုးရှာ၊ မယားငယ်ထား၊ သောက်စားမူးရူးနေပြီး နိုင်ငံကြီးတွေမှာမိသားစုဘဝ ကောင်းစားရေးလုပ်နေတယ်လို ဝေဖန်ခံနေရတဲ့ NUG အစိုးရအဖွဲ့ဝင်တွေရဲ့ ဘဏ္ဍာငွေသုံးစွဲမှုကိုလည်း အမှတ်စဥ် (၁၇) မှာ “အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဘဏ္ဍာငွေရှာဖွေမှုနှင့် သုံးစွဲမှုများကို စိစစ်ကြပ်မတ်နိုင်ရေး စီမံလုပ်ဆောင်ရန်နှင့် ဘဏ္ဍာရေးစာရင်းအင်းများအား စာရင်းစစ်အဖွဲများဖြင့် စစ်ဆေးကြီးကြပ်မှုများ လုပ်ဆောင်၍ ပြည်သူ့ညီလာခံသို အစီရင်ခံစာ တင်ပြရန်” ဆိုပြီး ကန့်သတ်လိုက်တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ NUCC မှာပါတဲ့ CRPH အဖွဲ့အတွင်းရေးမှူးဒေါ်ဖြူဖြူသင်းနဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ ပြည်သူ့ဂုဏ်ရည်အဖွဲ့က လှုဒါန်းထားတဲ့ အမေရိကန်ဒေါ်လာ ကိုးသန်း အလွဲသုံးစားလုပ်ပြီး စာရင်းမရှင်းနိုင်တဲ့အပေါ် ဝေဖန်မှုတွေပေါ်နေချိန်မှာ NUG ကို NUCC က ဝေဖန်ကြိမ်းမောင်းလာတာပါ။ တကယ့်တကယ်မှာလည်း NUG ထိပ်ပိုင်းတွေနဲ့ တော်လှန်ရေးခေါင်းဆောင်ဆိုသူတွေဟာ ပြည်သူ့အလှုငွေကို ကိုယ်ကျိုးရှာအလွဲသုံးစားလုပ်တာ၊ အောက်ခြေ PDF တွေကလည်း မုဒိမ်းမှု၊ လူသတ်မှု၊ ဆက်ကြေးကောက်မှု ဇာတ်ရှုပ်တွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး တခြားတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်သိမ်းယူနိုင်မှုအပေါ်မှာပဲ အမြတ်ထုတ် နာမည်ကောင်းယူနိုင်တဲ့အဆင့်ပဲ ကျန်တော့တဲ့အခြေအနေပါ။ အခြားတစ်ဖက်မှာလည်း NUG နဲ့ NUCC က ဘင်္ဂါလီတွေကို နိုင်ငံတော်အဆင့်တောင်းပန်မယ်ဆိုပြီး မဆီမဆိုင်တဲ့ စကားစုတွေလည်း သုံးစွဲလာတာကြောင့် ဒီလိုမျိုးစကားစုထုတ်ရေးဖို့ NUCC ဟာ OIC လိုမျိုး အစ္စလာမ္မစ်အဖွဲ့အစည်းတွေဆီက ငွေဘယ်လောက်ရလိုက်သလဲပါ တွေးချင်စရာဖြစ်ခဲ့ပါတယ်။
◾ နေပြည်တော်တိုက်ခိုက်ခံရမှု
နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေတပ်ကို ကာမီကာဇေဒရုန်း ၂၉ စီးနဲ့ ဧပြီ ၄ ရက်မှာ PDF တွေက တိုက်ခိုက်ခဲ့သလို နေပြည်တော်လုံခြုံရေးတာဝန်ရှိသူတွေကလည်း ၂ စီးကို လေထဲတင်ဖျက်ဆီး၊ ၁၃ စီးကို လက်ရသိမ်းမိရာမှာ ၄ စီးကတော့ ဗုံးပါလာတာကို တွေ့ခဲ့ရတာပါ။ အဲဒီလိုမျိုး နေပြည်တော်အထိ တိုက်ခိုက်နိုင်တာကြောင့်လည်း NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပစ်မှတ်တိုင်းမှတ်ပုံတင်ထားနိုင်ပြီလို့ပါ ဝံ့ကြွားခဲ့တာ တွေ့ရပါတယ်။
“ပထမဦးဆုံး ကျွန်တော်ပြောချင်တာက ဒီဒရုန်းတွေနဲ့ပေါ့။ ဒီ Fixed Wing ဒရုန်းတွေနဲ့ပေါ့။ သူတို့ပြောနေတဲ့ ကာမီကာဇေ ဒရုန်းတွေပေါ့။ Fixed Wing ဒရုန်းတွေနဲ့ တိုက်ခိုက်မှုက ဒီကျွန်တော်တိုနိုင်ငံတစ်နိုင်ငံတည်းမှာ မဟုတ်ဘူး။ ဖြစ်ပေါ်နေတာရှိတယ်။ ဥပမာဆိုရင် ရုရှားမှာဆိုရင် မော်စကိုမြို့ကိုတောင်မှ တိုက်ခိုက်ခံခဲ့ရတာကိုလည်း တွေ့ဖူးမှာဖြစ်တယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်း ဒေသမှာ ဒါအမေရိကန်လေယာဉ်တင် သင်္ဘောကို တိုက်ခိုက်ခဲ့တာတွေ ယီမင်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာမျိုးရှိတယ်။ နှစ်ကြိမ်၊ သုံးကြိမ်လောက်ရှိတာပေါ့။ ပထမဦးဆုံး ကျွန်တော်ပြောချင်တာက ဒီဗုံးတွေဝင်ရောက်လာနိုင်မှု ဝင်ရောက်မလာနိုင်မှုက အရေးမကြီးဘူး။ အဓိက, က ဝင်ရောက်လာတဲ့ ဒရုန်းတွေကို ပစ်ချဟန့်တားစွမ်းရည်က အရေးကြီးပါတယ်။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့ ဒါတစ်ဖက်က ဝါဒဖြန့်ချိတာလား သတင်းထုတ်ပြန်ထားလား။ သူတိုရဲ့ဥစ္စာကတော့ အကုန်လုံးက ဒရုန်းအစီးရေ ၂၉ စီး၊ ၃၀ လောက်နဲ့ တိုက်ခိုက်တယ်ဆိုပြီး တစ်ပြိုင်တည်း တိုက်ခိုက်တယ်ဆိုပြီး သတင်းထုတ်ပြန်တာရှိတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အကုန်လုံးကို ကြိုပြီး သိရှိနိုင်ခဲ့တယ်။ ဟန့်တားနိုင်ခဲ့တယ်။ အဲဒီမှာ ၁၃ စီးကို ပစ်ချပြီးတော့ လက်ရရရှိခဲ့တယ်။ ကျွန်တော်ပြောချင်တာက ခေတ်မီတဲ့ နိုင်ငံတွေမှာတောင်မှပဲ ဒီလိုမျိုးတိုက်ခိုက်မှုမျိုးတွေ ခံရတာမျိုးရှိပါတယ်။ ဝင်ရောက်လာနိုင်ခြင်း၊ မရောက်လာနိုင်ခြင်းက ဒါက အခုဖြစ်နေတဲ့ နည်းပညာအရ အဝေးကနေပြီးတော့ ဒီဒရုန်းတွေကို သိပ်တော့ အခုနောက်ပိုင်းမှာ ခက်ခဲတဲ့နည်းပညာတော့ မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဒရုန်းတွေမှာ မှတ်ဉာဏ်ထည့်ပေးလိုက်ပြီးတော့ Google Map ပေါ်ကနေပြီး Way Point ပဲ ပေးလိုက်ပြီးတော့ ဒီဟာကို သွားဆိုရင် သူ့ဘာသာပျံပြီးတော့ သွားတဲ့ဟာမျိုးက သိပ်ထူးဆန်းတဲ့ဟာမျိုးတော့ မဟုတ်တော့ဘူး။ ဒါက လက်လှမ်းမီတဲ့ သာမန်အပျော်တမ်းသမားတွေတောင်မှ လုပ်နိုင်တဲ့အနေထားမျိုးရှိတယ်။ အရေးကြီးတာက ဟန့်တားနိုင်မှုစွမ်းရည်ပဲ။ ဒီနေ့ဖြစ်စဉ်မှာတော့ ဒီလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဟန့်တားနိုင်မှု အပြည့်ရှိတယ်လို ပြောချင်တယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။
ဒီနေရာမှာ နေပြည်တော်လို နေရာမျိုးတိုက်ခိုက်နိုင်တာ၊ လေယာဉ်ကွင်းထဲအထိဒရုန်းတွေ ဝင်လာနိုင်တယ်ဆိုတာကိုက လုံခြုံရေးစွမ်းရည်ကို မေးခွန်းထုတ်ရတော့မှာဖြစ်သလို နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေ သွားရောက်မဲ့လမ်းကြောင်းတွေ လုံခြုံရေးကျိုးပေါက်တာ၊ အစည်းအဝေးလုပ်နေချိန် ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး သတင်းမှားထုတ်ခံရတာမျိုးတွေဟာ ခိုင်မာလှပါတယ်ဆိုတဲ့ အင်စတီကျုူးရှင်းတစ်ခုကို ခြိမ်းခြောက်နိုင်တဲ့ဖြစ်ရပ်တွေပါ။ သေချာတာကတော့ ဒီဖြစ်စဉ်တွေကို သင်ခန်းစာယူရမှာပါ။ လက်ရှိအခြေအနေမှာတောင် နိုင်ငံကြီးတချို့ထောက်ပံ့မှုနဲ့ Proxy War ဆင်နွှဲနေရလို့ တကယ့်တကယ် ပြည်ပကျုးကျော်စစ်သာဖြစ်လာရင် ဒီလိုမျိုး မမှားယွင်းဖို့ လိုမှာပါ။ သေချာတာက မြန်မာနိုင်ငံမှာ ဒရုန်းတပ်ဖွဲ့တွေ သီးသန့်ရှိသင့်ပြီဖြစ်ပြီး အဲဒီအတွက် ဘတ်ဂျက်တွေသုံးဖို့လိုသလို ကိုယ်ပိုင်ဒရုန်း ပေါပေါများများ ထုတ်လုပ်နိုင်ဖို့တွေလည်း လုပ်ဆောင်ရပါလိမ့်မယ်။
◾ ထိုင်းနိုင်ငံက အဖြေ
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်စခန်းတွေကို ကယ်ဆယ်ဖို့ လူဦးရေတစ်သိန်းလောက်အထိ လက်ခံနိုင်တယ်လို့ ပြောပြီးချိန်၊ အမေရိကန်နဲ့ တရုတ်ရဲ့ ညွှန်ကြားချက်အရ မြန်မာ့အရေးဦးဆောင်ဖြေရှင်းဖို့ လုပ်နေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုင်းမြန်မာနယ်စပ် မြ၀တီမှာ ကရင်လက်နက်ကိုင်တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲစတင်လာတာ တွေ့ရပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းတွေလက်ထဲ လူ ၁၂၀၀၀၀ လောက် ကျန်ရှိနေတယ်လို့ ကုလသမဂ္ဂပြောထားပြီး အမေရိကန်ကိုယ်တိုင်ကလည်း ဒီကျားဖြန့်လိမ်လည်မှုတွေကြောင့် ၂၀၂၃ ခုနှစ်မှာ သူ့နိုင်ငံက ငွေကြေး ၂ ဒသမ ၉ ဘီလျံလောက် ဆုံးရှုံးတယ်ပြောထားတာ၊ ရှမ်းမြောက်က ကျားဖြန့်တွေက ကုန်သလောက်နီးနီးဖြစ်နေလို့ တရုတ်ရဲ့ အာရုံက သူ့နိုင်ငံသားတွေအများစု ဖမ်းဆီးခံထားရဖွယ်ရှိနေတဲ့ မြ၀တီမြို့အနီးက KNU ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်ပတ်သက်နေတယ်ဆိုတဲ့ KK Park ၊ BGF ထိန်းချုပ်မှုအောက်က ရွှေကုက္ကိုလ်၊ DKBA ထိန်းချုပ်နယ်မြေအောက်က ရွှေမြစန္ဒီဆိုတဲ့ အိမ်ရာတွေက ကျားဖြန့်ဂိုဏ်းတွေ ချေမှုန်းရေးအတွက် လှုပ်ရှားမှုစသလား တွေးစရာဖြစ်လာတာပါ။ ဒီအချိန်မှာ အမေရိကန်နဲ့ တရုတ်ရဲ့ အခိုင်းခံ ထိုင်းကလည်း SAC အင်အားချိနဲ့နေပြီလို့ပြောလာတာ၊ မြ၀တီနယ်စပ်မှာ ၂၇၅ တပ်ကလွဲရင် ဗဟိုအစိုးရအာဏာစက်မရှိသလောက်ဖြစ်သွားချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို မြို့သိမ်းခိုင်းပြီး ကျားဖြန့်တွေ ဖမ်းပေးဖို့၊ မြို့ပျက်ပြီး အကုန်ထွက်ပြေးရချိန်မှာ ကျားဖြန့်လုပ်ငန်းတွေ ရပ်သွားဖို့ ရည်မှန်းလုပ်ဆောင်သလား တွေးချင်စရာပါ။ ဘယ်လိုပဲဖြစ်နေပါစေ။ မြ၀တီမြို့သိမ်းတိုက်ပွဲဟာ အမေရိကန်၊ တရုတ်၊ ထိုင်း စတဲ့ နိုင်ငံတွေက လက်မဲတွေပါနေတာက အသေအချာဖြစ်လို့ ဒီအခြေအနေကို ဘယ်လိုထိန်းကျောင်းနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ချင်စရာလို့ပဲ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။