၁၀.၄.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ရှိ အင်းလေးရေလယ်ခန်းမတွင် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ ၄ ရက်ကြာ စည်ကား သိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
အင်းလေးရေပေါ်သင်္ကြန်ပွဲတော်တွင် တေးသံရှင်များနှင့် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ အကအလှများ၊ တေးဂီတအဖွဲ့များ၏ တေးသံသာများ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ တင်ဆက်ဖျော်ဖြေမှုများအပြင် စတုဒိသာ ကျွေးမွေးဧည့်ခံမှုများပါဝင်မည်ဖြစ်ပြီး လာရောက်လည်ပတ်သူများအနေဖြင့် အင်းလေးကန်ရေပြင်တွင် လှေတစ်စင်းနှင့်တစ်စင်း ရေပက်ကစားနိုင်ကြောင်း သိရသည်။
အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၉၀၀ မီတာတွင် တည်ရှိပြီး ၂၂ ကီလိုမီတာ အရှည်၊ ၁၀ ကီလိုမီတာအကျယ်ရှိကြောင်း၊ အင်းလေးကန်သို့ လာရောက်လည်ပတ်သူများ အနေဖြင့် ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ရွှေအင်းတိမ်ဘုရားနှင့် စကားရွာတို့ရှိ ရှေးဟောင်းဘုရားများကို သွားရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။
ထို့အပြင် ဒေသခံများ၏ ကျွန်းမျှောစိုက်ခင်း၊ ငွေထည်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်းအပြင် ရိုးရာလက်မှုလုပ်ငန်းများကိုလည်း သွားရောက်လေ့လာနိုင်သည်။
“မနှစ်ကလည်း ရေပေါ်သင်္ကြန်ကို လာတဲ့သူများတယ်။ ရှမ်းပြည်ဘက်လည်ပတ်ရင်း ရေပေါ်သင်္ကြန်ကို ကြုံလိုက်ရတာမို့ ဧည်သည်တွေအနေနဲ့ ခရီးသွားအတွေ့အကြုံသစ်တစ်ခု ရလိုက်သလိုပါပဲ”ဟု အင်းလေးဒေသခံတစ်ဦးကပြောသည်။
သင်္ကြန်ကာလတွင် အင်းလေး ရေပေါ်သင်္ကြန်ပွဲတော်နှင့် အင်းလေးဒေသကို လာရောက်လည်ပတ်လိုသူများအား အင်းလေးရှိ ဟိုတယ်အချို့မှ ဟိုတယ်အခန်းခနှုန်းထားများကို အထူးစျေးနှုန်းများ၊ လျှော့စျေးများဖြင့် ငှားရမ်းနိုင်ရန် စီစဥ်ထားကြောင်း သိရသည်။
ပုံစာ။ ယမန်နှစ်က ကျင်းပခဲ့သော ရေပေါ်သင်္ကြန်မြင်ကွင်း(Photo- Credit)