၁၃. ၁၂. ၂၀၂၂
Written by Tha Doe
ခေတ်သစ်စစ်ပွဲများ အောင်မြင်စွာဆင်နွှဲနိုင်ရန် သတင်းနှင့်ဆက်သွယ်ရေး၊ အီလက်ထရောနစ်နှင့် စက်မှုနည်းပညာများကို နိုင်ငံတကာအဆင့်မီ တတ်ကျွမ်းအောင် လေ့လာသင်ယူရန် SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းပြောကြားသည်။
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဥ် (၂၄) သင်တန်းဆင်းပွဲမိန့်ခွန်းတွင် အဆိုပါအချက် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်ရေးကဏ္ဍကို နှစ်စဉ်ဘတ်ဂျက်များ တိုးမြှင့်သတ်မှတ်ပြီး ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ကာ စစ်မှုသိပ္ပံနှင့်ဘက်စုံနည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးစားလုပ်ဆောင်နေကြသည်ကိုတွေ့ရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထည့်သွင်းပြောကြားသည်။
နယ်ပယ်ကဏ္ဍအသီးသီးတွင် နည်းပညာဆိုင်ရာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ သတင်းအချက်အလက်များ လွယ်ကူမြန်ဆန်စွာ စီးဆင်းမှုကြောင့် အခြားသော စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးက ရင်ဆိုင်ဖြေရှင်းနေကြရသည်။ ထို့ကြောင့် နည်းပညာဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများအနေနှင့် နည်းပညာမဖွံ့ဖြိုးသည့် နိုင်ငံများအပေါ် အနိုင်ကျင့်လွှမ်းမိုး ခြယ်လှယ်မှုများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နည်းပညာအခြေပြု ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေး အပြိုင်အဆိုင် ကြိုးပမ်းလုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ ရှိနေရသည်။ ထို့ကြောင့် တပ်မတော်အနေနှင့်လည်း ခေတ်မီတပ်မတော်တစ်ရပ် ဖြစ်အောင် စစ်မှုသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်အလေးထား အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ထိုသို့ဆောင်ရွက်သည့် နေရာတွင် မိမိတို့ တတ်ကျွမ်းသည့် အင်ဂျင်နီယာပညာရပ်နှင့် ကျရာအခန်းကဏ္ဍများ တွင် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားသည်။
မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့သည် နိုင်ငံတစ်နိုင်ငံကို သမားရိုးကျနည်းဖြစ်သည့် စစ်ရေးနည်းလမ်းတစ်ခုတည်းနှင့် ကိုယ်တိုင် ကိုယ်ကျ နေရာအရောက် ကျူးကျော်သိမ်းပိုက် တိုက်ခိုက်ခြင်းမျိုးမဟုတ်တော့ဘဲ သမားရိုးကျ မဟုတ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေးနည်းလမ်းစသည့် Multi Dimensional Warfare အသွင်ဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုပြီး လွှမ်းမိုးချုပ်ကိုင်ရန် ကြားခံ Proxy များထားပြီး လုပ်ဆောင်လာတာကို တွေ့ရှိနေရသည်။ ထို့ကြောင့် ခေတ်သစ်စစ်ပွဲများ အောင်မြင်စွာဆင်နွှဲနိုင်ရန်အတွက် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာများ၊ အီလက်ထရောနစ် နည်းပညာများ၊ စက်မှုနည်းပညာများကို နိုင်ငံတကာအဆင့်မီ တတ်ကျွမ်းနားလည်အောင် လက်တွေ့နယ်ပယ်တွင် ရရှိသည့် အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ဆက်လက်ဆည်းပူး လေ့လာသင်ယူ သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယနေ့ခေတ်သည် စစ်မှုသိပ္ပံနှင့် နည်းပညာတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ခေတ်သစ်စစ်ပွဲများတွင် သတင်းစုံစွာရရှိရန်၊ လုံခြုံမှုနှင့်အကာအကွယ်ရရှိရန်၊ ထိရောက်စွာ ချေမှုန်းတိုက်ခိုက်နိုင်ရန်၊ အဆုံးအဖြတ် တိုက်ပွဲများကို အချိန်တိုအတွင်း ဆင်နွှဲနိုင်ရန်မှာ နည်းပညာသာလွန်ကောင်းမွန်ပြည့်စုံမှုအပေါ် များစွာမူတည်နေတာကို လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်တိုးတက် နေသည့် စစ်မှုသိပ္ပံနှင့်နည်းပညာ တိုးတက်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လေ့လာ သုံးသပ်ပြီး မိမိနိုင်ငံနှင့် တပ်မတော်ကာကွယ်ရေး စွမ်းရည်မြင့်မားစေရေးအတွက် နည်းပညာ လိုအပ်ချက်အလိုက် သုတေသနပြုလုပ်ငန်းကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက် နေကြရမှာဖြစ်ပြီး ရလဒ်အပေါ်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် သင်ခန်းစာဖော်ထုတ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ဖြည့်ဆည်းခြင်း၊ အစားထိုး ထုတ်လုပ်ခြင်းစသဖြင့် လိုအပ်သည့် လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆက်လက်ပြောကြားသည်။