October 23, 2024

၁၃. ၁၂. ၂၀၂၂

Written By A Thaung

အရောင်းအဝယ်အေးခဲ့သည့် သိန်း ၄၀၀ အောက်ကားများ ကျပ်သိန်း ၁၀၀ ခန့်အထိဈေးကျသွားပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ပြန်ကောင်းနေကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူအသိုင်းအဝိုင်းကပြောသည်။

လာမည့်နှစ်ဆန်းပိုင်းတွင် SKD ကားများ ပြန်လည်တင်သွင်းတပ်ဆင်ထုတ်လုပ်ခွင့် ရရှိတော့မည့်သတင်းကြောင့် ဈေးပြန်ကျလာခြင်းဖြစ်ပြီး နေပြည်တော်နှင့် ရန်ကုန်ဈေးကွက်တွင် အဓိကအရောင်းအဝယ်ဖြစ်နေကြောင်း BO HEIN Auto မှ အုပ်ချုပ်မှုဒါရိုက်တာ ကိုဗိုဟိန်းကပြောသည်။

“ပြီးခဲ့တဲ့ စက်တင်ဘာလောက်အထိ ဒီကားတွေကို ဝယ်ရောင်းတွေကိုင်ထားတာ။ အခုတော့ SKD တွေပြန်လာတော့မယ်ဆိုတော့ ကိုင်ထားလို့မရဘူး။ ရတဲ့ဈေးနဲ့ထုတ်ရောင်းကြတော့ ကားဈေးက ထိုးကျသွားတယ်။ လေးရာတန်းကားတွေ သုံးရာလောက်နဲ့ပဲအရောင်းအဝယ်ဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရောင်းချခွင့် ရပ်နားထားခြားကြောင့် ပြည်တွင်းကားဈေးကွက်တွင် ကားဈေးမြင့်တက်ခဲ့ပြီး လက်ရှိအချိန်တွင် ကားဟောင်းများကိုသာ ပြန်လည်ရောင်းဝယ်နေရကြောင်း Beijing Dynamic Power ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ကိုငယ်ကပြောသည်။

“ကားသစ်တွေဆိုလည်း ဈေးပြန်အေးတယ်။ သိန်းတစ်ထောင်အထက်ကားတွေက အဝယ်မလိုက်ပေမယ့် ဈေးကျသွားတဲ့ သိန်းသုံးရာဝန်းကျင်ကားတွေ အဝယ်ပြန်လိုက်လာတယ်” ဟု ၎င်းကပြောသည်။

နေပြည်တော်နှင့် မန္တလေးဈေးကွက်တွင် သိန်း ၁၅၀ ဝန်းကျင် လုပ်ငန်းသုံး Hijet နှင့် Light Truck ကားများ အရောင်းအဝယ်ပြန်ဖြစ်နေကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူအသိုင်းအဝိုင်းကပြောသည်။

လာမည့်နှစ်တွင် SKD ကားများအား ပြန်လည်တင်သွင်းထုတ်လုပ်ခွင့်ပြုမည့်အပြင် လျှပ်စစ်ကားတင်သွင်းခွင့်ကိုလည်း ခွင့်ပြုသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *