၁၂. ၁၂. ၂၀၂၂
Written by Phyo Wei
ဒီတစ်ပတ်ရဲ့ ထူးခြားဖြစ်စဉ်အရဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာစစ်သင်္ဘောများတွေ့ဆုံပွဲမှာ မြန်မာ့တပ်မတော်(ရေ)က တည်ဆောက်ထားတဲ့ ကျန်စစ်သား စစ်ရေယာဉ်ဟာ အမေရိကန်လို တရုတ်လို၊ အီတလီလို နိုင်ငံကြီးတွေထက်အရင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို နှုတ်ဆက်ခွင့်ရတာနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က အထူးတလည် စိတ်ဝင်စားနေတဲ့ မြင်ကွင်းက ပြောစမတ်ဖြစ်ခဲ့ပါတယ်။ မြန်မာ့စစ်အင်အားကို အမြဲချိန်တွက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရေတပ်ကလည်း သူတို့ရဲ့ တရားဝင် Page မှာပါ စစ်ရေယာဉ်ကျန်စစ်သားရဲ့ ပုံရိပ်တစ်ခုကိုပဲ တခုပ်တရဖော်ပြခဲ့တဲ့ မြင်ကွင်းဟာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာ့စစ်အင်အားကို လိုတာထက်ပို စိတ်ဝင်စားနေတာဘာကြောင့်လဲ တွေးဆစရာရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေးနဲ့ တိုးတက်ရေးရဲ့ အရေးကြီးကာလရောက်နေတယ်လို့ တရုတ်သံအမတ်ကြီးပြောလာတဲ့အကြောင်း၊ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမဲ့ ၂၀၂၃ မှာ အာဆီယံ မူငါးချက်ကို ဆက်လက်ကိုင်တွယ်မယ်ဆိုတဲ့ အင်ဒိုနီးရှားနဲ့ အမေရိကန်ရဲ့ NDAA က ပေးလာမဲ့ False Hope တွေအကြောင်းကို ဆွေးနွေးတင်ပြချင်ပါတယ်။
အသွင်ကူးပြောင်းရေးနဲ့ တိုးတက်ရေးရဲ့ အရေးကြီးကာလရောက်နေတဲ့ မြန်မာနိုင်ငံ
မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အရေးကြီးကာလကို ရောက်ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်းက ထုတ်ဖော်ပြောဆိုလာပါတယ်။ မှန်ပါတယ်။ မကြာခင် ရက်ပေါင်း ၂၇၀ မပြည့်တော့တဲ့ ကာလမှာ မြန်မာနိုင်ငံဟာ SAC က လုပ်ပါ့မယ်ဆိုတဲ့ ၂၀၂၃ ရွေးကောက်ပွဲကျင်းပမလား။ SAC ရဲ့ ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မယ်လို့ ကျုံးဝါးထားတဲ့ NUG ရဲ့ လုပ်ဆောင်ချက်အောင်မြင်မလားဆိုတာ စောင့်ကြည့်ရတော့မဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။
SAC ဟာ သူပြောထားတဲ့အတိုင်း ရွေးကောက်ပွဲလုပ်ပေးနိုင်မယ်ဆိုရင် မြန်မာပြည်သူတွေဟာ ၂၀၂၄ ခုနှစ်မှာ မဏ္ဍိုင် ၃ ရပ် ပြန်လည်ပေါ်ပေါက်လာပြီး လွတ်လပ်စွာဝေဖန်နိုင်မဲ့ အခြေအနေတစ်ခုဆီ ပြန်ရောက်လာပါမယ်။ ပြည်သူအချင်းချင်း သတ်ဖြတ်မှု့တွေလျော့ကျလာပြီး နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်လာမှာဖြစ်သလို ပညာတစ်ပိုင်းတစ်စနဲ့ လက်နက်ကိုင်သွားတဲ့ ကလေးတွေ အလင်းပြန်ဝင်လာပြီး တိုးတက်လာတဲ့ အခြေအနေတစ်ခုကို တွေ့ရတော့မှာ ဖြစ်ပါတယ်။
အဲဒီလိုပဲ NUG ရွေးကောက်ပွဲဖျက်လို့ ၂၀၂၃ ဩဂုတ်အထိ ရွေးကောက်ပွဲဖြစ်မလာရင်တော့ ခြေဥအရ အာဏာထိန်းကျောင်းမှု၊ ခြေဥအရ တာဝန်ယူထားမှုတွေဟာ ကာလစည်းကမ်းသတ်တစ်ခုကို ကျော်လွန်သွားနိုင်ပြီး ခြေဥတကယ်ပျက်သွားပြီလို့ ယူဆရတဲ့အခြေအနေဖြစ်သွားနိုင်ပါတယ်။ ခြေဥပျက်သွားပြီဆိုတဲ့နောက်မှာ လက်ရှိဖြစ်ပွားထားတဲ့ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုတွေ အဆရာချီ ကြုံလာရနိုင်တာမျိုး၊ လက်ရှိခြေဥထက် ပြင်ရခက်တဲ့ ခြေဥအသစ်ပေါ်လာတာမျိုး၊ ပြည်သူအချင်းချင်း အနှစ် ၂၀ လောက် သတ်ဖြတ်နေတာမျိုး ကြုံရနိုင်ပါတယ်။ ဒီအကူးအပြောင်းမှာ ဘယ်အရာက နိုင်ငံ့အတွက် အထိခိုက်အနစ်နာအနည်းဆုံးလဲဆိုတာကတော့ အသိဉာဏ်မြင့်တဲ့ပြည်သူတွေက တွက်ဆလမ်းပြနိုင်ဖို့ လိုအပ်မဲ့ အလွန်အရေးကြီးတဲ့ အသွင်ကူးပြောင်းရေးကာလလို့ ဆိုရတော့မှာဖြစ်ပါတယ်။
အာဆီယံ မူငါးချက် ဆက်ကိုင်တွယ်မယ်ဆိုတဲ့ အင်ဒိုနီးရှား
လာမဲ့ ၂၀၂၃ မှာ အာဆီယံဥက္ကဌတာဝန်ယူမဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံမူငါးချက်ကို ဆက်လက်ကိုင်တွယ်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက ပြောလာပါတယ်။
” မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့က မြန်မာနိုင်ငံနဲ့သာ သက်ဆိုင်တယ်။ အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်ဖို့ SAC က ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့အခြေအနေက ပိုမိုကောင်းမွန်လာဖွယ်မရှိဘူး ” လို့ ရက်နိုမာဆူဒီက ဆိုပါတယ်။
ဒီနေရာမှာ တွေးစရာဖြစ်လာတာက မြန်မာနိုင်ငံဟာ ဘာကြောင့် သူတို့ကိုယ်တိုင်သဘောတူခဲ့တဲ့ မူငါးချက်ကို တိုးတက်အောင် လုပ်ဆောင်ရေး နှေးကွေးနေတာလဲဆိုတဲ့ မေးခွန်းပါ။ အဲဒီမေးခွန်းတွေအတွက်တော့ အာဆီယံကို ပြန်မေးခွန်းထုတ်ရမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းမှုမှာ အကဲမဆတ်သလို လျစ်လျှူရှုခဲ့တဲ့ အာဆီယံက ဘာကြောင့် မြန်မာနိုင်ငံကို အကဲဆတ်ခဲ့သလဲ။ ဘာကြောင့် ဖယ်ထုတ်ခဲ့သလဲ။ ဘာကြောင့်ဆုံးဖြတ်ချက်ချမဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာကို မဖိတ်ခဲ့သလဲဆိုတာကို မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆက်တိုက်ထုတ်ပြန်နေတဲ့ကြားက ဘာလို့ ဆက်ပြီး ဖိအားပေးနေခဲ့သလဲဆိုတာပါ။
“တချို့ အာဆီယံနိုင်ငံတွေက အာဆီယံမူဘောင်တွေနဲ့ ကင်းလွတ်ပြီး ဆက်ဆံလာတာ တွေ့ရတယ်။ နိုင်ငံတစ်နိုင်ငံချင်းစီ သီးခြားလွတ်လပ်တဲ့ ဆက်ဆံရေးတွေကို ပြောစရာမရှိပေမဲ့ အဲဒီနိုင်ငံတွေက အာဆီယံအဖွဲ့ကြီးကို အသုံးပြုလာတာကိုလည်း တွေ့ရပါတယ်။ ဖိအားပေးလာတာလည်း တွေ့ရပါတယ်။ အာဆီယံ ပဋိညာဉ်ဟာ အာဆီယံရဲ့ အသက် ဖြစ်ပါတယ်။ အဲဒီပဋိညာဉ်ရဲ့ အာဆီယံရဲ့ အခြေခံမူတွေကနေ သွေဖည်လာခြင်းဟာ အာဆီယံရဲ့ အနာဂတ်အတွက် စိတ်ပူစရာပါ။ အခြေခံမူတွေ သွေဖည်ဖို့ကြိုးစားတာဟာ အာဆီယံရဲ့ ယုံကြည်မှုတန်ဖိုး ကျဆင်းစေပါတယ်”လို့ SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံက သဘောထားတင်းမာတဲ့ နိုင်ငံရေးသမားတချို့ဟာ အာဆီယံကနေ ထွက်လိုက်ပါဆိုတဲ့ အကြံပြုမှုတွေတောင် ရှိနေပါတယ်။ ဒီအချိန်မှာ အင်ဒိုနီးရှားဟာလည်း မြန်မာ့အရေးနဲ့ ပတ်သက်ရင် သဘောထားတင်းမာတဲ့နိုင်ငံဖြစ်ပြီး သမ္မတဂျိုကိုဝီဒိုဒိုဟာ မြန်မာနိုင်ငံကိုယ်စားပြုဖိတ်ကြားမှုတွေမှာ ထိပ်သီးအစည်းအဝေးတွေကို ပိတ်တာထက်ကျော်လွန်ပြီးကို အသင်းအဖွဲ့အစည်းအဝေးတွေအထိပါ ပိတ်ဖို့ပြောခဲ့သူပါ။
ဒီလိုပြောခဲ့တဲ့သူက အာဆီယံဥက္ကဋ္ဌဖြစ်လာချိန်မှာ မြန်မာ့အရေးဟာ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်ရမလိုဖြစ်လာပါလိမ့်မယ်။ တကယ်တော့ အာဆီယံရဲ့ မူငါးချက်ကို SAC လိုက်နာဆောင်ရွက်စေချင်တယ်ဆိုရင် အာဆီယံအနေနဲ့ SAC ကို ဖယ်ထုတ်မထားဖို့၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလေးစားဖို့နဲ့ အာဆီယံပဋိညာဉ်ကို အာဆီယံကိုယ်တိုင်လေးစားလိုက်နာပြဖို့ လိုအပ်နေတာပါ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကိုယ်တိုင်က အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာမှုမရှိဘဲ ငါတို့က ဒါလုပ်ဖို့ဆုံးဖြတ်တယ်။ မင်းတို့ ဒါလုပ်လိုက်လို့ အမိန့်ပေးတဲ့အထာ နေနေသရွေ့တော့ ဘာမှဆက်ဖြစ်လာမှာမဟုတ်ပါဘူး။
NDAA ပေးလာမဲ့ False Hope
ပြီးခဲ့တဲ့နှစ် ဒီကာလမှာလည်း အမေရိကန်ရဲ့ National Defence Authorization Act 2022 ဘတ်ဂျတ်ဆွေးနွေးတဲ့အချိန်မှာ အမေရိကန်က သူ့စစ်ရေးစရိတ် ဒေါ်လာ ဘီလျံ ၇၇၀ သုံးဖို့ဆုံးဖြတ်ချိန်မှာ အမေရိကန်ကပဲ မြန်မာနိုင်ငံကို ဒေါ်လာဘီလျံချီပေးတော့မလို False Hope တွေ မျှော်လင့်ခဲ့ကြပြီး လက်တွေ့မှာတော့ ဒေါ်လာသန်းရာဂဏန်းပဲ မြန်မာနိုင်ငံဆီရောက်လာပါတယ်။ ဒါကလည်း အမေရိကန်နိုင်ငံဆီ ဒုက္ခသည်အဖြစ်ခေါ်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေအတွက် စရိတ်တွေ၊ လူသားချင်းစာနာမှုအကူအညီတွေနဲ့ပဲ ဆင့်ပါးစပ်နှမ်းပက်သလောက်ပဲဖြစ်ခဲ့တာပါ။
ဒီနှစ် NDAA 2023 ကို အောက်လွှတ်တော်မှာ အတည်ပြုချိန်မှာလည်း ဒေါ်လာ သန်း ၄၇၀ သုံးပြီး PDF တွေနဲ့ EAOs တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီပေးမယ်လို့ ဆိုလာချိန်မှာ PDF တွေကို ဒေါ်လာ သန်း ၄၇၀ ဖိုးလောက် လက်နက်တွေပေးတော့မယ်ဆိုတဲ့ မျှော်လင့်ချက်အမှားတွေကို NUG ထောက်ခံသူတွေကိုယ်တိုင် ဝမ်းသာအားရ ဖြန့်လာကြပြန်ပါတယ်။
ဒီလိုမျိုး မျှော်လင့်ချက်အမှားတွေမှာဆိုရင် အမေရိကန်က PDF အတွက် NDAA ကတစ်ဆင့် ဒေါ်လာသန်း ၄၇၀ ကူညီမယ်သတင်းကြောင့် “မယုံနိုင်ဖွယ်ရာ အရွေ့တစ်ခုဖြစ်လာတော့မယ်” လို့ NUG ဝန်ကြီးဒေါ်ဇင်မာအောင် ပြောကြားတယ်ဆိုပြီး ဖြန့်ဝေကြလို့ ဒီလိုပြောတာမဟုတ်ပါဘူး။ လူထုကို False Hope တွေ မပေးလိုပါဘူးလို့ကို ဒေါ်ဇင်မာအောင် ပြန်ရှင်းခဲ့ရပါတယ်။
မှန်ပါတယ်။ ဒေါ်လာသန်း ရာဂဏန်းကိုမှ လက်နက်အတွက် မပါဘဲ နည်းပညာနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီဆိုတဲ့ ခေါင်းစဉ်ကြောင့် အမေရိကန်က NGO တွေ အဖွဲ့အစည်းတွေဆီကို ဒီငွေက တစ်ဝက်၊ ထိုင်းဘက်နဲ့ ထိုင်းနယ်စပ်က NGO တွေဆီကို ဒီငွေက တစ်ဝက်နဲ့ PDF တွေ EAOs တွေဆီကိုက နည်းနည်း၊ စစ်ဘေးဒုက္ခသည်တွေဆီနည်းနည်းနဲ့ အမေရိကန်ဆီဒုက္ခသည်အဖြစ် ခိုလှုံကြသူတွေဆီ နည်းနည်းဆီရောက်ပြီး အဆုံးမှာတော့ မြန်မာပြည်က အမေရိကန်အကူအညီမျှော်လင့်သူတွေဟာ မျောက်ပြပြီး ဆန်တောင်းခံရတဲ့ ဘ၀ပဲ ရောက်မဲ့သဘောပါ။ ဒါကြောင့်လည်း ဒီလိုမျိုး ဒေါ်လာ သန်း ၄၇၀ လောက်ပေးမယ်ဆိုတာတောင် ဝမ်းမသာနိုင်ကြဘဲ False Hope ပါလို့ ထုတ်ပြောရသလားဆိုတာကို စဉ်းစားစရာဖြစ်လာပါတယ်လို့ တင်ပြရင်းနဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။