၉. ၄. ၂၀၂၄
Written by Pan Ei
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းစူပါမားကတ်တစ်ခုက ရွေ့လျားနေတဲ့ လူသွားလမ်း(Travelator) တစ်ခုရဲ့ ကြမ်းပြင်ကြား ပြုတ်ကျပြီး ညပ်နေခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက တရုတ်အစိုးရရုပ်သံကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အမျိုးသမီးတစ်ယောက်ဟာ ရွေ့လျားနေတဲ့ လူသွားလမ်းတစ်ခုပေါ်ရှိနေချိန် စက်ချို့ယွင်းကာ ကြမ်းပြင်ပြားတစ်ခု ကျွံကျသွားခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ညပ်နေခဲ့ပါတယ်။
အဲ့ဒီနောက် သူမဟာ နာရီဝက်ကြာအောင် ကြမ်းပြင်ပြားတွေကြား ပိတ်မိပြီးနောက် မီးသတ်သမားတွေက သူမကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ခင်ပွန်းဖြစ်သူ မစ္စတာလု ပြောကြားချက်အရ သူမဟာ အထူးကြပ်မတ်ကုသဆောင်မှာ ခွဲစိတ်ကုသမှု နှစ်ကြိမ် ခံယူခဲ့ရပြီး အရေပြားအစားထိုးပြီးဆက်ဖို့ လိုအပ်ခဲ့သလို ရောဂါပိုးကူးစက်ခံရနိုင်ခြေနဲ့ ဖြတ်တောက်ကုသမှု ခံရနိုင်ခြေ အန္တရာယ်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ တာဝန်ရှိသူတွေက ရွေ့လျားလူသွားလမ်းရဲ့ပြုပြင်ထိန်းသိမ်းရေးနဲ့ တပ်ဆင်ရေးယူနစ်တွေအပါအဝင် လည်ပတ်မှုဆိုင်ရာ အဖွဲ့တွေအကုန်လုံးကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မြို့တော်က စက်လှေကားတွေနဲ့ ရွေ့လျား လူသွားလမ်းတွေကို မကြာသေးမီက တစ်လကြာ လုံခြုံရေး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ရှန်ဟိုင်းအစိုးရက မနေ့က ကြေညာခဲ့ပြီး စက်လှေကားနဲ့ ရွေ့လျားလူသွားလမ်းပေါင်း ၄၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာပေါင်း ၁၀၀ ကျော်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
စက်လှေကားနဲ့ ရွေ့လျားလူသွားလမ်းတွေကြောင့် လူ ထိခိုက်ဒဏ်ရာရတာတွေနဲ့ သေဆုံးမှုဖြစ်စဉ်တွေက အရင်ကလည်း ကမ္ဘာ့နိုင်ငံအများအပြားမှာဖြစ်ပွားခဲ့ဖူးပြီး ခရီးသွားသူတွေ၊ ဈေးဝယ်ထွက်သူတွေအနေနဲ့ ထိခိုက်ဒဏ်ရာဖြစ်စေရာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်တဲ့ စက်လှေကားအန္တရာယ်ကို သတိပြုမိဖို့လိုအပ်ပါလိမ့်မယ်။
Ref; Asiaone