၉.၄.၂၀၂၄
Written by TZ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက် ၆၈၊ ၆၉ လမ်းနဲ့ လမ်း ၁၂၀ ကြားမှာ ပန်ကာဖွင့်ထားရာက အပူလွန်ကဲပြီးမီးလောင်လို့ နေအိမ် ၁၀ လုံးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်စဥ်က ဒီနေ့ ဧပြီလ ၉ ရက် ၁ နာရီကျော်မှာစတင်လောင်ခဲ့တာဖြစ်ပြီး ၂ နာရီ ၁၉ မိနစ်ကြမှ မီးငြိမ်းခဲ့တာပါ
“အိမ် ၁၀ လုံးလောင်တယ်။ အုန်းသီးရောင်းတဲ့အိမ်ကနေ စလောင်တာ။ ပန်ကာ မီးအားသွင်းတာကနေ အပူလွန်ကဲ ပြီးလောင်တာ။ လောင်တဲ့အိမ်တွေက သွပ်မိုး ထရံကာတွေ။ လူတွေတော့ထိခိုက်မှုမရှိဘူး။ ဆုံးရူံးမှုကတော့ မသိသေးဘူး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
မီးလောင်ကျွမ်းမူကြောင့် အိမ်ခြေ ၁၀ လုံး၊ အိမ်ထောင်စု ၁၄ စု မီးလောင်ကျွမ်းခဲ့ပြီး၊ အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၈၅ ဦး၊ စုစုပေါင်း ၁၁၅ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့ပါတယ်။
ယခုနှစ် ဧပြီလမှာ မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေထဲ ပြည်ကြီးတံခွန်မြို့နယ်က မီးလောင်ကျွမ်းမှုအများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
(Photo -Than Htay)