October 20, 2024

၉.၄.၂၀၂၄
Written By Thandar

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ခေတ်အဆက်ဆက်ရုပ်ရှင် သင်တန်းသားတွေ တွေ့ဆုံပွဲကို ယနေ့ ဧပြီ ၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးမယ် ဟိုအရင်ခေတ်အဆက်ဆက်က သင်တန်းတွေတက်ရောက်ခဲ့ကြတဲ့သူ‌တွေ ဖိတ်ကြားပြီး တွေ့ဆုံပွဲလုပ်ဖြစ်တာပါ။ ရုပ်ရှင်သမိုင်းတစ် လျှောက် အမှတ်တရဖြစ်စေမယ့် နေ့လေးလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပွဲတက်ရောက်သူတွေကို လက်မှတ် မှတ်တမ်းတွေယူထားတယ်။ တချို့ ဆုံးပါးသွားကြတဲ့သူတွေလည်းရှိတယ်လေ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ အင်အားတစ်ရပ်အဖြစ် ရပ်တည်လာခဲ့တဲ့ ရုပ်ရှင်အကျိုးပြု သင်တန်းသား၊ သင်တန်းသူဟောင်းတွေကလည်း ပြည်သူချစ်တဲ့ ရုပ်ရှင်လောကသားတွေအဖြစ် ရပ်တည်လှုပ်ရှားလျက်ရှိကြတယ်။ ရုပ်ရှင်ကို ခေတ်အဆက်ဆက်ပြောင်းလဲလာသ၍ ထိန်းသိမ်းမှုတွေ သေချာလုပ် ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နာယကကြီး ဦးအောင်လွင်က MT Entertainment ကို ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ ဦးသန်းနိုင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ နာယကကြီးတွေနဲ့ ခေတ်အဆက်ဆက် သင်တန်းတက်ခဲ့ကြသူဖြစ်တဲ့ အကယ်ဒမီ ဒါရိုက်တာ ဇင်ရော်မောင်မောင်၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီ ခိုင်ခင်ဦးနဲ့ အခြား သရုပ်ဆောင်တွေ စတဲ့ ဇာတ်လမ်းဇာတ်ညွှန်းနဲ့ ဒါရိုက်တာတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဟာ စတင်ဖွဲ့စည်းခဲ့တဲ့ (၇၈)နှစ်တာကာလအတွင်း သရုပ်ဆောင်၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ တည်းဖြတ်၊ စက်မှုသင်တန်းတွေ ဖွင့်လှစ်သင်ကြားခဲ့ပြီး ရုပ်ရှင်မျိုးဆက်သစ်တွေကို အဆင့်ဆင့် လက်ဆင့်ကမ်း မွေးဖွားပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းသားတွေတွေ့ဆုံပွဲမှာ ၁၉၅၆ ခုနှစ် ရုပ်ရှင်မောင်မယ် ရွေးချယ်ပွဲ ၊ ၁၉၆၂ ခုနှစ် ရှုမဝဦးကျော် ရုပ်ရှင်သင်တန်း ၊ ၁၉၆၇ ခုနှစ် သရုပ်ဆောင်သင်တန်း၊ ၁၉၇၉ ခုနှစ် ရုပ်ရှင်သင်တန်း၊ ၁၉၈၄ ခုနှစ် သရုပ်ဆောင်သင်တန်းနဲ့ ဒါရိုက်တာသင်တန်း ၊ ၁၉၉၃ ခုနှစ် သုံးလသင်တန်း၊ ၁၉၉၈ ခုနှစ် ရုပ်ရှင်သရုပ်ဆောင် သင်တန်း၊ ၂၀၀၈ ခုနှစ် ၁/၂၀၀၈ သရုပ်ဆောင်သင်တန်း ၊ ၂၀၁၀ခုနှစ် ၁/၂၀၁၀ ဇာတ်လမ်း ဇာတ်ညွှန်း သင်တန်း၊ ၁/၂၀ ၁၀ သရုပ်ဆောင်သင်တန်း၊ ၂၀၁၃ခုနှစ် ၁/၂၀၁၃ ဇာတ်လမ်းဇာတ်ညွှန်းသင်တန်း၊ ၂၀၁၅ခုနှစ် ၁/၂၀၁၅ ဒါရိုက်တာနဲ့ သရုပ်ဆောင်သင်တန်း၊ ၂၀၁၆ခုနှစ် ၁/၂၀၁၆ ဒါရိုက်တာနဲ့ သရုပ်ဆောင်သင်တန်း၊ ၂၀၁၈ခုနှစ် ၁/၂၀၁၈ သရုပ်ဆောင်သင်တန်း၊ ၂၀၁၉ ခုနှစ် ၁/၂၀၁၉ ဒါရိုက်တာနဲ့ သရုပ်ဆောင်သင်တန်း အပါအဝင် ခေတ်အဆက်ဆက်မှာတက်ရောက်ခဲ့ကြတဲ့ ရုပ်ရှင်သင်တန်းသားတွေ တွေ့ဆုံခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *