October 20, 2024

၉. ၄. ၂၀၂၄
Written by Nay Moe

အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ သံဒင်းစုလမ်းမပေါ်က မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးစား​​နေတဲ့ ပေါက်တောရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဌေးမြင့်ကို PDFနှစ်ဦးက သေနတ်နဲ့ လေးချက် အလစ်မှာ ပစ်ခတ်သတ်ဖြတ်သွားမှု ဒီနေ့မနက် ၉ နာရီကျော်အချိန်ကဖြစ်ပွားခဲ့တယ်လို့ ကနဦးသိရပါတယ်။

ဖြစ်စဥ်က ပေါက်တောရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးဌေးမြင့်ဟာ နေအိမ်အနီးက မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးစားနေချိန် PDF ၂ ဦးက 110 အမျိုးအစား အနက်ရောင်ဆိုင်ကယ်နဲ့ ရောက်လာပြီး ‌‌‌‌‌နောက်မှာ ထိုင်စီးသူက အသင့်ပါလာ​တဲ့ သေနတ်နဲ့ အလစ်မှာချောင်းမြောင်း ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးသွားတာပါ။

လက်နက်မဲ့သူတစ်ဦးကို PDF တွေ ချောင်းမြောင်း ပစ်ခတ်တာကြောင့် ဦးဌေးမြင့်ဟာ ဝဲဘက်လည်ပင်း ဖောက်ဝင် ဒဏ်ရာ၊ ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ၊ ယာဘက်ပါး ဖောက်ဝင် ဒဏ်ရာ၊ ဝဲဘက်ပုခုံး ဖောက်ဝင်ဒဏ်ရာ စုစုပေါင်း ဒဏ်ရာ ၄ ချက် ရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။ အခင်းဖြစ်ပွားတဲ့နေရာက THAI Auto 380 mm အမျိုးအစား ကျည်ခွံ ၂ ခု၊ ကျည်ထိပ်ဖူး ၂ ခု၊ ကျည် ၁ တောင့် တွေ့ခဲ့ရသလို ဦးဌေးမြင့်ရုပ်အလောင်းကို ကုတင် ၁၀၀၀ ဆေးရုံကြီးဆီ ပို့လိုက်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး သတ်ဖြတ်တဲ့ PDF တွေက ထုတ်ပြန်တာမရှိသေးပေမဲ့ NUG နဲ့ PDF ထောက်ခံတဲ့ Exile မီဒီယာတွေမှာတော့ ဦးဌေးမြင့်ဟာ စစ်မှူထမ်းဥပဒေကို တက်ကြွစွာအကောင်အထည်ဖော်ပေးနေပြီး စစ်သားစုဆောင်းနေတာကြောင့် သတ်ဖြတ်လိုက်တယ်လို့ ရေးသားနေသလို PDF ထောက်ခံတဲ့သူတချို့ကလည်း ဦးဌေးမြင့်ကို PDF တွေက အသံတိတ်သေနတ်နဲ့ပစ်သတ်သွားတာလို့ရေးသားနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *