October 20, 2024

၉. ၄. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရကာ အခုအခါမှာလည်း စစ်ဆင်ရေးနှစ်ခုအတွင်း မြန်မာနိုင်ငံသား ၈၀ ကျော် ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဧပြီလ ၇ ရက်က ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ နွန်ယိုင်မြို့ အဝေးပြေးလမ်းအမှတ် ၃၄၄ ကီလိုမီတာ ၄၂ – ၄၃ ကြားမှာ တာဝန်ရှိသူတွေဟာ အနောက်ဘက်မှာ ခရီးသည်တွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ထရပ်ကားတစ်စီးကို တွေ့ရှိတာကြောင့် ရပ်တန့်စစ်ဆေးခဲ့ရာ ကားပေါ်မှာပါတဲ့ ခရီးသည်တွေထဲက အများအပြားဟာ တရားဝင်စာရွက်စာတမ်းအထောက်အထားတွေ မပါရှိတာကြောင့် ယာဉ်မောင်းနဲ့ ခရီးသည်တွေ အကုန်လုံးကို နွန်ယိုင်ရဲစခန်းကို ထပ်မံစစ်ဆေးဖို့ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ရဲစခန်းမှာ စစ်ဆေးကြည့်ရာမှ လိုက်ပါလာတဲ့ ခရီးသည် ၇၄ ဦးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်နေတယ်ဆိုတာကို သိရှိခဲ့ရသလို ၂၄ ဦးမှာသာ စာရွက်စာတမ်း အထောက်အထားတွေပါရှိပြီး ကျန်တဲ့ အယောက် ၅၀ က အထောက်အထားမပါဘဲ ခိုးဝင်လာတယ်ဆိုတာကို သိရှိခဲ့ရတာကြောင့် သူတို့ကို ဖမ်းဆီးခဲ့ပြီး နွန်ယိုင်ရဲစခန်းမှာ တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အလားတူ ဧပြီလ ၆ ရက်ကလည်း အန်သောင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းပေးပို့ချက်အရ အန်သောင်ပြည်နယ်၊ ဖိုသောင်ခရိုင်၊ ခမ်းရက်ရွာအနီးက တောတွင်းတစ်နေရာမှာ ပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကိုတွေ့ရှိခဲ့ပြီး ဖိုသောင် ရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မွန်လို့ အမည်ရသူ မြန်မာအမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သူတို့ဟာ မဲဆောက်ကို သဘာဝမှောင်ခိုလမ်းကြောင်းကတစ်ဆင့် ၃ ရက်လောက် လမ်းလျှောက်လာခဲ့ပြီး အလုပ်နေရာတွေဆီ ပို့ပေးမဲ့ သူကို စောင့်နေတာဖြစ်ကြောင်းနဲ့ လုပ်ရမယ့် အလုပ်ပေါ်မူတည်ပြီး ပွဲစားခအနေနဲ့ ဘတ် ၁၅၀၀၀ ကနေ ဘတ် ၃၅၀၀၀ အထိ ပေးရတယ်လို့လည်း သိရသလို မွန်ဟာ ပတ္တရားမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပေမဲ့ အရင်အဖမ်းခံလိုက်ရတာဖြစ်တယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း တာဝန်ရှိသူတွေက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref; siamrath

Leave a Reply

Your email address will not be published. Required fields are marked *