၁၂-၁၂-၂၀၂၂
Written By Naddy
MRTV -4 ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် ၀ိုင်းရွှေရည်က သူ သရုပ်မဆောင်ဖူးသေးတဲ့ စိတ်မနှံသူတစ်ယောက် ကာရိုက်တာမျိုး လွတ်လပ်စွာပုံဖော်ကြည့်ချင်နေပါတယ်။
“ကိုယ်မလုပ်ဖူးသေးတဲ့ ဗန့်ကာရိုက်တာ သရုပ်ဆောင်ကြည့်ချင်တယ်။ နည်းနည်း စိတ်သိပ်ပြီး မနှံ့တဲ့ပုံစံ သရုပ်ဆောင်ကြည့်ချင်တယ်။ လွတ်လွတ်လပ်လပ်ကို သရုပ်ဆောင်ကြည့်ချင်တာပါ။ စိတ်မနှံ့တဲ့ ကာရိုက်တာက ကိုယ်တွေအတွက် လွတ်လပ်စွာဖန်တီးခွင့်ရတယ်။ နည်းနည်း ရူးကြောင်ကြောင်ပုံစံမျိုး စိတ်ကိုချုပ်တည်းထားတာ မရှိဘဲ ရိုက်ကြည့်ချင်ပါတယ်” လို့ သရုပ်ဆောင် ၀ိုင်းရွှေရည်က ပြောပါတယ်။
သူမဟာ MRTV- 4 Channel ကနေ ဒီဇင်ဘာ ၂၂ ရက် ည ၇နာရီမှာ ထုတ်လွှင့်ပြသမဲ့ အိမ်ထောင်ရေး ဇာတ်လမ်းပုံစံ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှာလည်း ပါ၀င်သရုပ်ဆောင်ထားသူပါ။ ဒီဇာတ်လမ်းတွဲကို ဝတ္ထု လယ်တွင်းသားစောချစ်၊ ဇာတ်ညွှန်း ဟိန်းဇော်ဦး၊ အေးချမ်းမွန်၊ ယမင်းဖြိုးဝေတို့က ရေးသားထားပြီး ဒါရိုက်တာ ပြည်သစ်နိုင်က ရိုက်ကူးထားသလို သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်ဇော်၊ ရှင်မွေလ၊ နေလင်းရှိန်း၊ အလင်းသစ်၊ ပိုးကြာဖြူခင်၊ ဝိုင်းရွှေရည်၊ ခိုင်နှင်းဝေ၊ သန်းသန်းစိုး၊ နန်းခမ်းဝါ၊ ရဲမွန်၊ ကလေးသရုပ်ဆောင် ဖြိုးခန့် စတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“ဇာတ်လမ်းတွဲ ရိုက်ကူးရေးနားထားတာ ကြာပါပြီ။ ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ ၀တ္ထု ပုံဖော်ထားတဲ့ ကွက်လပ်မရှိ အိမ်ထောင်ရေးဇာတ်လမ်းမှာ ပါ၀င် သရုပ်ဆောင်ထားပါတယ်။ သူငယ်ချင်း မိုးမိုးအေးရဲ့ အရင်းနှီးဆုံး ရင်ဖွင့်ဖော်ပေါ့။ သူငယ်ချင်း ယောက်ျားတွေနဲ့ ကြုံတွေ့ရမယ့်အချိန် ကိုယ်က ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပေါ့။ ကိုယ်ကတော့ အပျိုကြီးတင်နွယ်လတ် ဘေးကပံ့ပိုးပေးရတဲ့ သူငယ်ချင်းကောင်းနေရာက သရုပ်ဆောင်ထားပါတယ်။ နည်းနည်းရင့်ကျက်သွားတဲ့ အိမ်ထောင်ရှင်မ သူငယ်ချင်းကို ဘေးက ပံ့ပိုးပေးရတယ်။ ကိုယ်ကတော့ အပျိုကြီးပေါ့”လို့ သူကဆက်ပြောပါတယ်။
၀ိုင်းရွှေရည်ဟာ ပျားရည်အိုင်၊ မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန၊ ရတနာထဲက ရတနာ၊ လိပ်ပြာနှောင်ကြိုး စတဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားသူလည်း ဖြစ်ပါတယ်။ သူမ မိခင်ဖြစ်သူ ဒေါ်နီနီကတော့ ကိုဗစ်တတိယလှိုင်းမှာ ကွယ်လွန်သွားခဲ့ပြီး လက်ရှိမှာတော့ ရုပ်ရှင်ကားတွေ လေ့လာကြည့်ရှုတာ၊ စာအုပ်များများ ဖတ်တာတွေ ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။