October 20, 2024

၉. ၄. ၂၀၂၄
သက်တန့်/ MT News

အမျိုးသမီးငါးဦးကို ပြည့်တန်ဆာအလုပ် အတင်းအဓမ္မခိုင်းစေကာ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သည့် အမျိုးသမီးသုံးဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်နေ ဒေါ်မိုးမိုးသူဇာထွေးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နေ ဒေါ်ခင်စန်းမြင့်(ခ) အမိုးတို့က လှိုင်သာယာမြို့နယ်နေ မ—၊ ၂၀/၂၃ နှစ်နှင့် ရွှေပြည်သာမြို့နယ်နေ မ —၊ ၂၄/၂၃ နှစ်၊ မ—-၊ ၂၃/၂၃ နှစ်တို့ သုံးဦးကို မြိတ်မြို့ရှိ KTV တွင် အလုပ်လုပ်ကိုင်ပါက တစ်နာရီလျှင် ငွေကျပ် ၅၀၀၀ ရမည်ဟုပြောဆိုစည်းရုံးကာ KTV တွင်လုပ်ကိုင်ရခြင်းမရှိဘဲ ပြည့်တန်ဆာအလုပ်အား အတင်းအဓမ္မခိုင်းစေကာ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် မြိတ်မြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြိတ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဧပြီ ၅ ရက်တွင် တရားခံ ဒေါ်မိုးမိုးသူဇာထွေးနှင့် ဒေါ်ခင်စန်းမြင့်(ခ) အမိုးတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့နေ မ —၊ ၃၆/၂၃ နှစ်နှင့် မ—၊ ၃၅/၂၃ နှစ်တို့ နှစ်ဦးသည် အွန်လိုင်းမှ အလုပ်ကြော်ငြာတွေ့၍ ကျိုင်းတုံသို့ သွားရောက်ခဲ့ရာမှ ကျိုင်းတုံမြို့နေ မချောစုလှိုင် ဖွင့်လှစ်ထားသော KTV ဆိုင်နှင့်“ဝ”အထူးဒေသ(၄) ကျိုင်းယန်းမြို့ရှိ နေအိမ်၌ ပြည့်တန်ဆာအလုပ်တို့ကို အဓမ္မခိုင်းစေ၍ လုပ်ကိုင်ခဲ့ရပြီး လုပ်အားခများခေါင်းပုံဖြတ်ခံခဲ့ရသဖြင့် ကျိုင်းတုံမြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ- ၃၈(က)/၄၄ဖြင့် အမှုရေးဖွင့်၍ ကျိုင်းတုံခရိုင် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဧပြီ ၅ ရက်တွင် တရားခံ မချောစုလှိုင်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *