October 20, 2024

၈. ၄. ၂၀၂၄
Written by Nyein Kyaw

ဥရောပသမဂ္ဂ ကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုကို ပြတ်သားစွာ ခြွင်းချက်မရှိပယ်ချလိုက်ပြီး မြန်မာနိုင်ငံအပေါ် တစ်ဖက်သက် ဖိအားပေးမှုများသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူ ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ယနေ့တွင် အသိပေး ထုတ်ပြန်သည်။

ဂျီနီဗာမြို့၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ ဧပြီ ၅ ရက်အထိ ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အပြန်အလှန်ဆွေးနွေးမှုနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ၏ အပြန်အလှန်ဆွေးနွေးမှုတို့ကို မတ်လ ၁ ရက်နှင့် ၁၉ ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းသည့် “မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ” ‌ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုကို ဧပြီလ ၄ ရက်တွင် သက်ဆိုင်ရာမြန်မာနိုင်ငံ မပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်အဆိုတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသည့် တစ်ဖက်သက်စွပ်စွဲဖော်ပြချက်များ ပါဝင်သည်ကို တွေ့ရှိရသည်။

နိုင်ငံတစ်နိုင်ငံကို ဦးတည်သည့် ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များ၊ ၎င်းတို့၏ နောက်ဆက်တွဲ အပြန်အလှန်ဆွေးနွေးမှုများသည် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့အကြား ဓမ္မဓိဌာန်ကျသော အစီရင်ခံမှု၊ အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်ပေါ်ရေးကို အထောက်အကူ မပြုရုံသာမက ကုလသမဂ္ဂ၏ အခြေခံမူများဖြစ်သည့် သမာသမတ်ကျမှု၊ ဓမ္မဓိဌာန်ကျမှု၊ ရွေးချယ် မဆောင်ရွက်မှုတို့နှင့် ဆန့်ကျင်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့ကို အစဉ်တစ်စိုက် ဆန့်ကျင်သည်။

သို့ဖြစ်ရာ ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံအနေဖြင့် ပြတ်သားစွာ ခြွင်းချက်မရှိ ပယ်ချလိုက်သည်။ မြန်မာအစိုးရအနေဖြင့် ဆွေးနွေးမှုများအတွင်း မျှတစွာရပ်တည်ပေးခဲ့သည့် ခင်မင်ရင်းနှီးသောနိုင်ငံများကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများကို နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ စိစစ်ပြီးနေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အသင့်ရှိသည်။ မြန်မာ နိုင်ငံအစိုးရအနေဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပြည့်အဝ ကတိကဝတ်ပြုဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို မတင်နိုင်သေးခြင်းမှာ ရခိုင်ပြည်နယ်၏ လက်ရှိလုံခြုံရေးအခြေအနေများကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဖက်သက် ဖိအားပေးမှုများသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူ ပြုမည်မဟုတ်ကြောင်း၊ အချင်းချင်းနားလည်မှု၊ လေးစားမှုနှင့် အပြန်အလှန် ထိတွေ့ဆောင်ရွက်မှုတို့မှတစ်ဆင့်သာ လက်တွေ့ကျ၍ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်မည် ဖြစ်ကြောင်း အလေးထားဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *