၈. ၄. ၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ ပြည်တော်သာလမ်းရှိ Japfa Feed Mill Company ရှိ တိရစ္ဆာန်အစာစက်ရုံတွင် ဧပြီလ ၇ရက်ညနေ ၄ နာရီ၂၄ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ တိုက် ၅ ထပ်ပေါ်မှ ခုန်ချသော အလုပ်သမား ၁ ဦးသေဆုံးပြီး အလုပ်သမား ၁ ဦးလည်း မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။
မီးလောင်မှုမှာ အလျား ၅၈ ပေ၊ အနံ ၇၈ ပေ၊ အမြင့်ပေ ၁၂၇ ပေရှိ ၆ ထပ် Steel Structure တိုက်ရှိ တိရစ္ဆာန်အစာစပ်စက်ရုံ ဒုတိယထပ်နှင့် တတိယထပ်ရှိ အစာထုတ်လုပ်သည့်နေရာမှ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုမှာ အဆောက်အအုံတွင် ပါဝါများသော လျှပ်စစ်မော်တာများကို တစ်ပြိုက်နက်သုံးစွဲရာမှ ၁၀ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သော ဝါယာများမှာ သုံးစွဲသည့်ပါဝါ မခံနိုင်သဖြင့် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရခြင်း ဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရှိရသည်။
မီးလောင်မှုကြောင့် တိုက် ၅ ထပ်ပေါ်မှ ခုန်ချခဲ့သော အသက် ၄၂ နှစ်အရွယ် ဦးမင်းမင်းသန့်မှာ ဒဏ်ရာများရရှိသဖြင့်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။
“အတွင်းထဲမှာ မီးလှိုက်လောင်နေတော့အပေါ် ငါးထပ်ကို အလုပ်တာဝန်နဲ့ ရောက်နှင့်နေတဲ့ဝန်ထမ်းက မီးခိုးတွေမီးတောက်တွေရဲ့ အပူဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး JAPFA ဆိုတဲ့ စာတန်းနားကနေ နံရံအကာ သွပ်ပြားကိုဖွင့်ပြီး အောက်ကို ခုန်ချရတယ်။ မီးဟပ်ထားတဲ့ ဒဏ်ရာရယ်၊ အောက်ပြုတ်ကျချိန်မှာ လက်ကျိုး၊ ခြေကျိုး၊ နံရိုးကျိုးရတဲ့ဒဏ်ရာတွေရယ်ကြောင့် ဆေးရုံကားနဲ့ဆေးရုံအပို့ လမ်းခုလတ်မှာတင် အသက် ဆုံးရှုံးသွားခဲ့ရပါတယ်”ဟု မှော်ဘီမြို့ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ထို့အပြင် အသက် ၄၅ နှစ်အရွယ် ဦးဇော်မင်းဦးမှာ ဘယ်လက်ဖမိုး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရှိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၃ စီး၊ ရေသယ်ယာဥ် ၉ စီး၊ အထောက်အကူပြုယာဥ် ၂ စီး၊ အုပ်ချုပ်မှုယာဥ် ၂ စီး သန္ဓေနှင့်အရံမီးသတ်တပ်ဖွဲ့ဝင် ၁၁၀ ကျော်၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ တပ်မတော်သား ၂၈ ဦးတို့ဖြင့် ၁ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ကြရာ ညနေ ၅ နာရီ ၂၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ ဆုံးရှုံးမှုတန်ဖိုးများကို စိစစ်ဆဲဖြစ်ပြီး မီးလောင်မှုကြောင့် ထုတ်လုပ်မှုမန်နေဂျာ အသက် ၅၂ နှစ်အရွယ် ဦးအောင်ဟိန်းကို ပုဒ်မ ၂၈၅၊ ၃၀၄-က၊ ၃၃၇တို့ဖြင့် မှော်ဘီမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။