October 23, 2024

မြဝတီဘဏ်အား ပစ်ပေါက်ခဲ့သည့် ဗုံးနှင့် ဖောက်ခွဲရန် ပြင်ဆင်နေမှုကို တွေ့ရစဥ်

၁၂. ၁၂. ၂၀၂၂
Written by Min Mahar

မန္တလေးရှိ မြဝတီဘဏ် လူစည်ကားနေချိန်တွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ပေါက်ကွဲခြင်း မရှိသော်လည်း ဗုံးအား ယမ်းပျော့ကပ် ဖောက်ခွဲခဲ့ရမှု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၂ ရက် ယနေ့နံနက် ၁၁ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် ၉၀၂၊ မြနန္ဒာလမ်းနှင့် စစ်ကိုင်းလမ်းခွဲကြား၊ ရန်ကုန်-မန္တလေးကားလမ်းဘေး စက်ဘီး/ဆိုင်ကယ်များသာသွားရသည့်လမ်းပေါ်တွင် မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်လာသည့် CZI အနက်ရောင်ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၂ ဦးအနက် အနောက်တွင် လိုက်ပါလာသူက မြဝတီဘဏ်ရှေ့အရောက်တွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ မြဝတီဘဏ်ရှေ့တွင်ကျပြီး ၎င်းဗုံးမှာပေါက်ကွဲမှုမရှိခဲ့ကြောင်း အဆိုပါဘဏ်၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“လူတွေဖြတ်သွားဖြတ်လာများနေချိန်မှာ လှမ်းပစ်သွားတာ။ ဘဏ်ရှေ့မှာလည်း လခရတွေစောင့်နေတာရှိတယ်။ ကံကောင်းလို့ မကွဲသွားတာ။ မဟုတ်ရင် ဖြတ်သွားဖြတ်လာသွားနေတဲ့ ဆိုင်ကယ်တွေကို ထိမှာအသေအချာပဲ။ လူငယ်နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီးပေါ်မှာ အနောက်ကလိုက်လာတဲ့ ဦးထုပ်အဖြူရောင်ဆောင်းထားပြီး ဘောင်းဘီအနက်ရောင်ဝတ်ဆင်ထားသူက လှမ်းပစ်ခဲ့တာ” ဟု ဖြစ်စဉ်အနီးတွင်ရှိသူတစ်ဦးက MT News ၏မေးမြန်းမှုအပေါ်  ဖြေဆိုသည်။

ထို့နောက် သက်ဆိုင်ရာအဖွဲ့များမှ ရောက်ရှိလာကြပြီး ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် လက်ပစ်ဗုံးအား တာယာကွင်းများဖြင့် ဖုံးအုပ်ထားရှိပြီး အဆိုပါလက်ပစ်ဗုံးအား အသက်မဲ့သွားအောင် ယမ်းပျော့ကပ်၍ ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။ လက်ရှိတွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူများအား သက်ဆိုင်ရာမှဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *