၈. ၄ .၂၀၂၄
Written by Hey Mar
ရှမ်းပြည်နယ် ၊ တောင်ကြီးခရိုင် ၊ တောင်ကြီးမြို့ တောင် အဆင်းလမ်းမှာ ၁၂ ဘီးယာဥ် တွဲကားတစ်စီး လမ်းချော်ပြီး ပြုတ်ကျကာ ကား ၃ စီးကို ဆင့်တိုက်ပိမိတာကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့ဖြစ်စဥ် မနေ့က ဧပြီလ ၇ ရက် ညနေ ၆ နာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က တောင်ကြီးမြို့၊ တောင်ကြီး-အေးသာယာအဆင်းလမ်း ပစောက်ကွေ့မှာ ဖြစ်ပွားခဲ့ပြီး တွဲကားမှာလမ်းချော်ကာ တောင်းစောင်းအတိုင်း ထိုးဆင်းပြုတ်ကျခဲ့တာကြောင့် ကွေ့ရဲ့ အောက်ဖက်လမ်းပေါ်က Pro Box, Honda Fitနဲ့ Wish အမျိုးအစား အိမ်စီးကား သုံးစီးကို တိုက်ကြိတ်မိပြီး ရပ်တန့်ခဲ့တာလို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်ကြောင့် Pro Box နဲ့ Honda Fit အိမ်စီးကားအတွင်းလိုက်ပါလာသူတွေ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့ပြီး၊ တွဲကားမောင်းနှင်သူမှာ ထိခိုက်ဒဏ်ရာမပြင်းထန်သော်လည်း ဘေးမှလိုက်ပါလာတဲ့ ဇနီးဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ တောင်ကြီးလင်းယုန် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
တောင်ကြီးလင်းယုန်ပရဟိတ အဖွဲ့ တာဝန်ရှိသူက”ပရိုဘောက်ယာဥ်ပေါ်က မိသားစု ၃ ဦး သေတယ်ခင်ဗျ။ ဒဏ်ရာရသူ စုစုပေါင်း ၈ ဦးရှိတယ်၊ နောက်ဆက်တွဲ အခြေအနေတွေတော့ မသိရသေးပါဘူး။ အဆင်း အတက်လမ်းတွေက ကျဥ်းတော့ ကားကြီးမောင်းချိန်ကိုလည်း သီးခြားသတ်မှတ်ပေးထားပါတယ်။ လမ်းရှင်းလင်းရေးတွေ ညတွင်းချင်း သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပရဟိတ အသင်းတွေက ပူးပေါင်းရှင်းလင်းပေးခဲ့ပါတယ်”လို့ MT News ကို ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာဆီကို သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို တောင်ကြီးစဝ်စံထွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။