MT News
၇. ၄. ၂၀၂၄
သဲဖြူတောရဓမ္မရိပ်သာနဲ့ မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ ဦးစီးပဓာနပြုပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တပည့်သာဝက အပေါင်းတို့စုပေါင်း ကျင်းပပြုလုပ်တဲ့ ရှင်သာမဏေ အပါး (၅၀၀၀) ရှင်ပြုခြင်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ဧပြီလ ၆ ရက်နဲ့ ဒီနေ့ ဧပြီ ၇ ရက် တို့မှာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ဗိသာနိုးပျူမြို့တော်ဟောင်းအတွင်းက ရွှေရောင်တော်ဘုရားအနီး ဗဟိုမဏ္ဍပ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ရှင် ၅၀၀၀ ရှင်ပြုပွဲက သာလွန်အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
ဒီ အခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ စလင်းမြို့၊ လက်ပံပင်စာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုတဲ့ သံဃာတော်တွေ ကြွရောက်တော်မူကြသလို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီးရဲ့ အစီအစဉ်နဲ့ ရှင်သာမဏေလောင်း ၅၆၀၂ ဦးကို သပိတ်၊ သင်္ကန်းနဲ့ တူညီဝတ်စုံ ထောက်ပံ့လှူဒါန်း ကုသိုလ်ပြုခဲ့ကြပါတယ်။
အဲဒီ့နောက် ရှင်သာမဏေလောင်း ၅၆၀၂ ပါးက ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတထံက သင်္ကန်းတောင်းဆယ်ပါးသီလခံယူ ဆောက်တည်အပြီး သာသနာဘောင်ရောက်ရှိခဲ့ကြသလို တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တက်ရောက်လာသူတွေက ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ အမှူးပြုတဲ့ သံဃာတော်များစွာနဲ့ ရှင်သာမဏေများစွာကို ဆွမ်းနဲ့လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
ပုံစာ။ ရှင် ၅၀၀၀ အလှုပွဲမြင်ကွင်းများ(ဓာတ်ပုံ – သဲဖြူတောရ Mediation Center & CJ)