October 20, 2024

၇.၄.၂၀၂၄
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် မြို့ပြင်အထွက် ဝါးမင်း စားသောက်ဆိုင်အနီး ကုက္ကိုပင်အောက်တွင် ဧပြီလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က အကြော်ရောင်းသူ အမျိုးသမီးမှာ နေအပူအရှိန်နှင့် မီးအပူရှိန်ကြောင့် အကြော်အိုးထဲ လက်နှစ်ဖက်ကျကာသတိလစ်သည်ကို ပြည်တွင်းခရီးသွား ဧည့်လမ်းညွှန်တစ်ဦးက ကယ်ဆယ်နိုင်ခဲ့သည်။

ထိုဖြစ်စဥ်ကို ​ဂေါ်ရင်ဂျီ ခရီးသွားဧည့်လမ်းညွှန် ကိုကွေကာက သူငယ်ချင်းနှင့်အတူ ဆိုင်ကယ်ဖြင့် ပုသိမ်သို့သွားစဥ် လမ်းခုလတ်၌ အကြော်ရောင်းသူအမျိုးသမီးကို တွေ့ရှိ ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။

အ​ကြော်ရောင်းသူအမျိုးသမီးမှာ မီးဖိုကို ခေါင်းစိုက်ကာ သတိလစ်နေ​​​ပြီး ဆောင်းထားသော ဦးထုပ်မှာ မီးလောင်နေကာ အကြော်ဒယ်အိုးစောင်း၍ ဆီများက မီးဖိုထဲကျ၍ မီးလောင်နေခြင်းဖြစ်ကြောင်း ကယ်ဆယ်ခဲ့သူ ဂေါ်ရင်ဂျီ ဧည့်လမ်းညွှန် ကိုကွေကာက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယင်းနောက်တွင် ဖြစ်စဥ်အနီးရှိ အမျိုးသမီးတစ်ဦးက လှမ်းခေါ်ကာ အကူအညီတောင်းသဖြင့် ဆိုင်ကယ်ရပ်ကာ ဧည့်လမ်းညွှန်၏ သူငယ်ချင်း ကိုချောမွှေးက မီးဖိုပေါ် ခေါင်းစိုက်ကာ သတိလစ်နေသည့် အမျိုးသမီးကို နောက်ကို ဆွဲထုတ် ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

“မီးဖိုပေါ် ခေါင်းစိုက်သတိလစ်နေတဲ့ အမျိုးသမီးကို နောက်ကို ဆွဲထုတ်ပြီး ခေါင်းမော့ပေးလိုက်တော့ ပါးစပ်နဲ့ နှာခေါင်းက သွေးတွေ ထွက်နေပြီ။ ဆီထဲ ထည့်ကြော်သလိုဖြစ်နေတဲ့လက်နှစ်ဖက်ကတော့ ကောက်ကွေးပြီး အရေခွံတွေ ကွာထွက်ကုန်ပြီ။ ငါးမိနစ်လောက်နေမှ အမျိုးသမီးက သတိရလာပါတယ်”ဟု ​ဂေါ်ရင်ဂျီဧည့်လမ်းညွှန် ကိုကွေကာက ပြောသည်။

အကြော်ရောင်းသူမှာ အသက် ၃၂ နှစ်အရွယ် မလဲ့လဲ့ဝင်းဖြစ်ပြီး လပွတ္တာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ မြို့ပတ်လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ဆေးရုံသို့ပို့ဆောင်​ပေးခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ လပွတ္တာမြို့နယ် ထံမှ သိရသည်။

ဆီပူလောင်နေသော အမျိုးသမီးကို ဝါးမင်းစားသောက်ဆိုင်မှ အမျိုးသားနှင့် အနီးရှိအမျိုးသမီးများက လာရောက်ပြုစုခဲ့ကြပြီး ၃ မိုင်ကုတင် ၂၀၀ ဆေးရုံသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ လပွတ္တာမြို့နယ်မှ အဖွဲ့ဝင်များက လူနာတင်ယာဥ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *