October 20, 2024

၇.၄.၂၀၂၄
Written by KL

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊​ ဖားကန့် -လုံးခင်းသွားကားလမ်း ရှော့ပိုင်မြေစာပုံဘေးတွင် ဧပြီလ ၇ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ရေတွင်းတူးရာမှ မြေစာပုံပိကျပြီး အလုပ်သမား၂ ဦး မြေစာပိရာ ၁ ဦးသေဆုံးပြီး ကျန်တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖားကန့်မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဥ်မှာ အလုပ်သမား ၄ ဦးက ရေတွင်းတူးဖော်ခဲ့ရာ မြေစာများကို သစ်သားပြားဖြင့် ကာရံကာ ယိုင်ဖွဲ့၍ ထားရာမှ သစ်သားပြားကျိုးကာ မြေစာများ ပြိုကျခဲ့ခြင်း ဖြစ်သည်။

“ဒီ​နေ့ခွေချဖို့ လုပ်​နေကြတာ။ ရေတူးတာက ရေတွေကို အဝေးမပက်နိုင်တော့ ဘေးမှာနွံတွေလိုဖြစ်နေပြီး မြေစာပြိုကျတော့ ရေတွင်းထဲမှာလည်း နွံ့တွေနဲ့ဖြစ်နေတာ။ လူပိနေတာတင် မြေစာပုံက ၁၀ ပေလောက်ရှိတယ်။ လူတွေကို ခက်ခက်ခဲခဲနဲ့ ကယ်ထုတ်ခဲ့ရတယ်”ဟု ဖားကန့်မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ မှော်စီစာကျေးရွာတွင် နေထိုင်သော အသက် ၂၉ နှစ်အရွယ် ကိုသျှိုင်းထက်နိုင်ဖြစ်ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူမှာ အသက် ၃၁ နှစ်အရွယ် ကိုသီဟအောင်ဖြစ်ကြောင်း သိရသည်။

မြေစာပြိုကျမှုကို ဖားကန့်မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၈ ဦးဖြင့် တစ်နာရီကျော်ကြာ ကယ်ဆယ်ခဲ့ရပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မြေစာပြိုကျကာ ပိတ်မိနေသူ ၂ ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

“ရေတွင်းတူးသူ​တွေ အသက်အန္တရာယ် မထိခိုက်စေဖို့ အန္တရာယ်ရှိတဲ့ အနေအထားမျိုးဆိုရင် ရေတွင်းတူးသူတွေက အန္တရာယ်ရှိတယ်လို့ပြောလာရင် ပိုင်ရှင်တွေ၊ အလုပ်သမားခေါင်းဆောင်တွေအနေနဲ့ သတိထားသင့်တယ်။ ဂရုစိုက်ပြီးလုပ်သင့်ပါတယ်။ အသက်တစ်ချောင်းရဲ့တန်ဖိုးကို ပေါ့ပေါ့တန်တန် မလုပ်ဖို့ အကြံပေးချင်ပါတယ်”ဟု ဖားကန့်မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးက အကြံပြုသည်။

Leave a Reply

Your email address will not be published. Required fields are marked *