၇.၄.၂၀၂၄
Written By Thandar
Miss Universe Bagan 2024 အလှမယ်တွေနဲ့ ဘိုစိန် လူမှုကူညီကယ်ဆယ်ရေးအသင်း(ရန်ကုန်) ပူးပေါင်းပြီး
ယနေ့ ဧပြီ ၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၁ ရပ်ကွက် နောင်ရိုး ၃ လမ်းရှိ နွမ်းပါးအိမ်ထောင်စု ၃ဝဝ စာ အသီးအနှံတွေနဲ့ ဘိုစိန် လူမှုကူညီရေးအသင်းအတွက်လည်း ငွေကြေးတချို့ လှူဒါန်းခဲ့ပါတယ်။
အဆိုပါ အလှူကို Miss Universe Bagan Winner ဆုရှင် အေးသဇင်ဝင်းသောင်း ၊ Miss Universe Bagan 1st Runner Up ဆုရှင် မိုးပြည့်ပြည့်စံ ၊ Miss Universe Bagan 2nd Runner Up ဆုရှင် ရွှန်းရတီထက် ၊ Miss Universe Bagan 3rd Runner Up ဆုရှင် ကျော့ကေခိုင်နဲ့ MC မိုးစက် တို့က အတူပူးပေါင်းလှူဒါန်းခဲ့ပါတယ်။ ဒီအလှူမှာ နွမ်းပါးအိမ်ထောင်စု ၃၀၀ အတွက် ဗူးသီး၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ပဲသီး၊ ခရမ်းသီး၊ မုန်ညှင်း၊ ဒန့်သလွန်သီး အပါအဝင် ဟင်းသီးဟင်းရွက်တွေ ဝေငှလှူဒါန်းပေးခဲ့ကြတာဖြစ်ပါတယ်။
“ညီမတို့အနေနဲ့ အရင်တည်းကလည်း ကိုယ်တတ်နိုင်တဲ့အားနဲ့ ပရဟိတအလုပ်လေးတွေ လုပ်ဖြစ်ပါတယ်။ အခုကတော့ Miss Universe Bagan မှာ ဆုရခဲ့တဲ့ ညီမတွေပေါင်းပြီး လှူဒါန်းကြတာပါ။ ကိုယ်လှူတဲ့နေရာလေးက တကယ်လိုအပ်နေတဲ့သူတွေဆီကို ပေးရတာဖြစ်သလို ကိုယ်က ဟင်းသီးဟင်းရွက်လေးတွေပဲ လှူလိုက်တယ်ဆိုပေမယ့်လည်း သူတို့အတွက် ဟင်းတစ်ရက်စာ နှစ်ရက်စာလေးဖြစ်သွားတော့ သူတို့ဝမ်းသာသလို ညီမတို့လည်း ပီတိဖြစ်ရပါတယ်။ နောက်ထပ်လည်း ညီမတို့တတ်နိုင်သလောက် ပရဟိတအလုပ်တွေ ကူညီလှူဒါန်းတာတွေကို လုပ်သွားမှာပါ။ ပြီးတော့ Miss Universe Myanmar Grand Final ပြိုင်ပွဲအတွက်လည်း ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း အကောင်းဆုံးကြိုးစားယှဥ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်” လို့ Miss Universe Bagan Winner ဆုရှင် အေးသဇင်ဝင်းသောင်းက ပြောပါတယ်။
Miss Universe Bagan ပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က ပုဂံမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး Winner ဆုရှင်နဲ့ အခြားဆုရအလှမယ်တွေဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ရုပ်ရှင် လောကသားတွေအတွက် ကူညီထောက်ပံ့မှုအတွက် ငွေကျပ် ၂ သိန်း လှူဒါန်းခဲ့သလို၊ ဘိုစိန် လူမှုကူညီရေးအသင်းအတွက်လည်း ငွေကျပ် ၁၅ သိန်းလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။