October 23, 2024

BOC ၏ ပညာသင်ဆုရရှိသူများကို တွေ့ရစဥ်

၁၂.၁၂.၂၀၂၂
Written by Nay Aung

ပထမနှစ်ကျောင်းသူကျောင်းသား ၇၅ ဦးအပါအဝင် ကျောင်းသား ၁၀၀ ခန့်အား တရုတ် BOC ဘဏ်က ပညာသင်ဆုနှင့် ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံအခြေစိုက် Bank of China (BOC) ဘဏ်၏ ပညာသင်ဆုနှင့် ထောက်ပံ့ကြေးအစီအစဉ်သည် ကျောင်းသားကျောင်းသူများကို အကျိုးကျေးဇူးဖြစ်စေခဲ့ကြောင်း ပညာသင်ထောက်ပံ့ကြေးရရှိခဲ့သူ တက္ကသိုလ်ကျောင်းသူတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။

ရန်ကုန်တက္ကသိုလ်ရှိ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံပညာအထူးပြုဘာသာရပ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ပထမနှစ်ကျောင်းသူဖြစ်သည့် မဝိုင်းသီရိအောင်က “ကျွန်မတို့ ပညာသင်ကြားဖို့ အခက်အခဲရှိနေတဲ့ အချိန်မှာ ဒီလိုပညာသင်ထောက်ပံ့ကြေး ရလိုက်တဲ့အတွက် ဆက်လက်ပညာသင်ကြားဖို့ များစွာ အထောက်အကူဖြစ်စေပါတယ်။ အခုရရှိတဲ့ ပညာသင်ထောက်ပံ့ငွေများကိုလည်း ကျွန်မတို့ရဲ့ ပညာသင်ကြားရေးမှာ အသုံးပြုပြီး ထူးချွန်ထက်မြက်တဲ့ ဘွဲ့ရပညာတတ်ကြီးဖြစ်အောင် ကြိုးစားသွားပါ့မယ်။ နိုင်ငံ့အကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကျိုးပြုသွားပါ့မယ်” ဟု ပြောသည်။

Bank of China (BOC) နှင့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး (CFPA Myanmar Office)တို့ ပူးပေါင်းပြီး မြန်မာတက္ကသိုလ်ကျောင်းသူ ကျောင်းသားများကို ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ လေးနှစ်ကြာပေးသွားရန် စီစဉ်ထားကြောင်းသိရသည်။

Bank of China (BOC)သည် ဒီဇင်ဘာ ၉ ရက်တွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူပေါင်း ၁၀၀ ခန့်ကိုပညာသင်ထောက်ပံ့ကြေးဆုများ ပေးအပ်ခဲ့ပြီးဖြစ်သည်။ ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများ ရရှိသည့် ကျောင်းသား၊ ကျောင်းသူ အားလုံးမှာ ရန်ကုန် တက္ကသိုလ်မှ ဖြစ်ပြီး ၎င်းတို့အနက် ၇၅ ဦးမှာ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများဖြစ်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါ်ခင်ချစ်ချစ်က လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံး အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသလို လက်ရှိကာလအထိ ရင်ဆိုင်နေရဆဲဖြစ်ရာ Bank of China (BOC)၏ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအပေါ် ကျေးဇူးတင်ကြောင်း၊ ဆင်းရဲနွမ်းပါးသော ကျောင်းသားများ၏ ပညာရေးခရီးအတွက် အလွန်အကျိုးရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“ငွေကြေးအခက်အခဲများကြောင့် ပညာရေးဆုံးခန်းမတိုင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများစွာ ရှိပါတယ်။ ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်း လုပ်ငန်းစဉ်ဟာ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား၊ ကျောင်းသူများစွာကို ပညာရေးဆုံးခန်းတိုင်အောင် အေးချမ်းစွာ ပညာသင်ယူနိုင်ရန်တွက် အင်မတန် အထောက်အပံ့ဖြစ်ပြီး များစွာ အကျိုးရှိစေပါတယ်”ဟု ယင်းက ဆိုသည်။

Ref, Peopledaily

Leave a Reply

Your email address will not be published. Required fields are marked *