၆.၄.၂၀၂၄
Written by TZ
စကားများ ရန်ဖြစ်ပြီး ဦးခေါင်းအရိုက်ခံရသည့် လူနာကို တောင်ငူပြည်သူ့ဆေးရုံမှ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် ၁၀၀၀ ဆေးရုံသို့ တင်ပို့ကုသစဥ် လမ်းခရီး၌ သေဆုံးသွားကြောင်း သိရသည်။
ဧပြီလ ၆ ရက်နေ့တွင် အမျိုးသားတစ်ဦးမှာ တောင်ငူပြည်သူ့ဆေးရုံတွင် ဆေးကုသနေရာမှ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ လွှဲပေးသောကြောင့် ရွှေမင်းဝန်အရေးပေါ်ကယ်ဆယ်ရေးအသင်းနှင့် လူမှုကူညီရေးပရဟိတအသင်းမှ ပို့ဆောင်ရာ နေပြည်တော်အဝင်တွင် လူနာမှာ သေဆုံးခဲ့သည်။
“ဆေးရုံကနေ ဆက်သွယ်လို့ လူနာကို သွားခေါ်တာ။ ရန်ဖြစ်ကြတာတဲ့။ ရန်ဖြစ်ရင်း ဦးခေါင်းကိုအရိုက်ခံရတော့ ဦးခေါင်းမှာ သွေးခဲသွားတာ။ တောင်ငူဆေးရုံမှာထဲက လူနာက မကောင်းတော့တာ။ အဲ့ဒီကနေ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကိုပို့တာ။ နေပြည်တော်အဝင်မှာပဲ ဆုံးသွားတာ” ဟု ရွှေမင်းဝန်အရေးပေါ်ကယ်ဆယ်ရေးအသင်းနှင့်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
သေဆုံးသည့် အမျိုးသားမှာ အသက် ( ၃၀) ဝန်းကျင်ရှိပြီး တောင်ငူမြို့တွင်နေထိုင်သူဖြစ်ကြောင်း ရုပ်အလောင်းကို ထိုလူမှုကူညီရေးအသင်းမှ နေအိမ်သို့ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ -ရွှေမင်းဝင်အရေးပေါ်ကယ်ဆယ်ရေးအသင်းနှင့်လူမှုကူညီရေးပရဟိတအသင်း။