October 20, 2024

၆. ၄. ၂၀၂၄
Translated by Htwe Ko Tun

အရှေ့တောင်အာရှဒေသ၏ ကျွန်းစုနိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံ၏ဒေသအတော်များများ၌ အပူချိန်က အန္တရာယ်ဖြစ်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာခဲ့မှုကြောင့် ထောင်နှင့်ချီသော စာသင်ကျောင်းများတွင် ကျောင်းသူကျောင်းသားများ လူကိုယ်တိုင်တက်ရောက်သင်ယူသည့်စာသင်ခန်းများအား ဧပြီလ ၅ ရက်ကစ၍ ခေတ္တပိတ်ထားခဲ့ကြောင်း ပညာရေးဦးစီးဌာနက ပြောကြားခဲ့သည်။

တရားဝင်စာရင်းအချက်များအရ နိုင်ငံအတွင်းမှ ၅,၂၈၈ ကျောင်းကို အွန်လိုင်းမှသင်ကြားမှုများ ပြောင်းလဲ ပြုလုပ်ပေးခဲ့ရရာ စုစုပေါင်း ကျောင်းသူကျောင်းသား ၃ ဒသမ ၆ သန်းကျော်ကို သက်ရောက်မှုရှိခဲ့သည်။ မတ်လ၊ ဧပြီလနှင့် မေလ များက ဖိလစ်ပိုင်နိုင်ငံတွင် အပူပြင်းဆုံးနှင့် အခြောက်သွေ့ဆုံး ရာသီဥတုကာလလည်းဖြစ်ကာ ယခုနှစ်တွင်မူ အရှေ့တောင်အာရှဒေသအတွင်း အယ်လ်နီညို အပူလှိုင်းဖြတ်သန်းမည်ဟု ခန့်မှန်းထားမှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ အပူချိန်မှာလည်း ပို၍မြင့်တက်လာမည်ဟု ယူဆရသည်။

နိုင်ငံအတွင်း စာသင်ကျောင်းအများအပြားတွင်လည်း လေအေးပေးစက်များတပ်ဆင်ထားခြင်း မရှိမှုကြောင့် ကျောင်းသူကျောင်းသားများအနေဖြင့် လူများလှသောစာသင်ခန်းများတွင် လေဝင်လေထွက်လည်းမကောင်းဘဲ ပူစပ်ပူလောင်အခြေအနေတွင် စာသင်ကြရသည်။ ထို့ကြောင့်လည်း ပညာရေးဦးစီးဌာနက စာသင်ကျောင်းများ၏ ကျောင်းအုပ်ကြီးများအား အပူချိန်လွန်ကဲမှုနှင့် အခြားသောဘေးဒုက္ခများကြောင့် အွန်လိုင်းမှသင်ကြားမှုပြောင်းလဲဆောင်ရွက်ရန် လိုအပ်မှုရှိမရှိ ဆုံးဖြတ်ရန် လုပ်ပိုင်ခွင့်လည်း ပေးခဲ့သည်။ အချို့ကျောင်းများဆိုလျှင် နေ့တစ်နေ့တွင် အပူဆုံးအချိန်နာရီများကိုရှောင်ရှားနိုင်ရန် စာသင်ချိန်များကိုလျှော့ချခဲ့ကြသည်။

ဧပြီလ ၅ ရက် ၌ ဖိလစ်ပိုင်နိုင်ငံ၏ဒေသအတော်များများတွင် အပူချိန် ၄၂ ဒီဂရီ ဆယ်လ်စီးယပ်စ် မှ ၄၃ ဒီဂရီ ဆယ်လ်စီးယပ်စ် အထိရှိခဲ့သည်ဟု ခန့်မှန်းရသည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *