October 23, 2024

ရခိုင်အမျိုးသားကွန်ရက်ကူညီခဲ့၍ မြန်မာနိုင်ငံပြန်လည်ရောက်လာခဲ့သော အမျိုးသမီးနှင့် ကူညီသူများမြင်ကွင်း(ပုံစာ-ရခိုင်အမျိုးသားကွန်ရက်)

၁၀. ၁၂. ၂၀၂၂

Written By Myo Khine

အိုမန်နိုင်ငံတွင် အခက်အခဲကြုံခဲ့ရသည့်မြန်မာအမျိုးတစ်ဦးအား အင်တာပိုလ်နှင့်ချိတ်ဆက်ကူညီကယ်တင်ခဲ့ရကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ သိရသည်။

အဆိုပါ အမျိုးသမီးမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ မလဲ့လဲ့ဝင်း ဆိုသူဖြစ်ပြီး စီးပွားရေး အပါအဝင် အထွေထွေအကျပ်အတည်းများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်ရပ်ကွက်၊ တိုက်ခန်းတစ်ခန်းတွင် သင်တန်းပြနေသည့် ဆရာမတစ်ဦးနှင့် ချိတ်ဆက်မိကာ အဆိုပါသင်တန်းဆရာမမှတစ်ဆင့် အိုမန်နိုင်ငံဘိုးဘွားစောင့်ရှောက်ရေးဂေဟာတစ်ခု၌ အလုပ်ရမည်ဟုပြောသည့်အတွက် ယုံကြည်သောကြောင့် အိုမန်နိုင်ငံကို သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် အိုမန်နိုင်ငံသို့ရောက်သည့်အခါ အထွေထွေအဆင်မပြေမှုများစွာ ကြုံတွေ့ရသည့်အတွက် ယင်း၏ မိသားစုက ရခိုင်အမျိုးသားကွန်ရက်ထံ အကူအညီတောင်းခံ လာရောက်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကွန်ရက်၏ ဦးဆောင်သူ ကိုတင်ထားအောင်က MT News ကို ပြောသည်။

“အင်တာပိုလ်၊ လူကုန်တားနဲ့ တရားရုံးလုပ်ရမဲ့ကိစ္စတွေအပါအဝင် သံခင်းတမန်ခင်းကိစ္စတွေပါ ပါဝင်တဲ့အတွက် အခက်အခဲတွေကြားကနေ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ရတာပါ။ အိုမန်နိုင်ငံက သံရုံးမရှိတဲ့နိုင်ငံ ဖြစ်တာကြောင့် အခုလို နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိစ္စဆောင်ရွက်တဲ့အခါမှာ တော်တော်လေးကို ခက်ခဲပါတယ်။ ဒီကိစ္စကို သူတို့မိသားစုဘက်က မြန်မာနိုင်ငံလူကုန်တားကို သွားပြီးတော့ တိုင်တယ်။ ဒါပေမဲ့ သက်ဆိုင်ရာအေးဂျင့်တွေကို ညှိနှိုင်းဆောင်ရွက်ပါလို့ ပြောတယ်။ ဒါကြောင့် ….မြို့နယ်ရဲစခန်းကို သွားပြီးတော့ တိုင်တယ်။ အမှုဖွင့်ဖို့အတွက်။ ဒါပေမဲ့လည်း အမှု မဖွင့်ပေးခဲ့ဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ကူညီကယ်တင်နိုင်ခဲ့သော်လည်း အမှုဖွင့်သည့်ရဲစခန်းက ဖွင့်မပေးသောကြောင့် အိုမန်နိုင်ငံသို့ ပို့ဆောင်ခဲ့သူများကို အရေးမယူနိုင်ခဲ့ကြောင်းနှင့် ယခု ဖြစ်စဉ်တွင် ဥပဒေအကြံပေးရှေ့နေများ၊ အိုမန်နိုင်ငံရှိ မြန်မာနိုင်ငံသား အချို့တို့ နှင့် ပူးပေါင်း၍ ရခိုင်အမျိုးသားကွန်ရက်က ကူညီကယ်တင် ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *