October 20, 2024

၆.၄.၂၀၂၄
Written By Thandar

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ၁၄ ကြိမ်မြောက်အလှူအဖြစ် ဆန်နဲ့စားသောက်ကုန်တချို့ကို မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလမှာ ရုပ်ရှင်‌လောကသားတွေပြေလည်စေဖို လူဦးရေ ၁၄၀၀ စာ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ကိုဗစ် စမဖြစ်ခင် ၃ လ တစ်ကြိမ် ဆန်ဆီစားသောက်ကုန် လှူဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလလှူတာဆိုရင် ၁၄ ကြိမ်မြောက်ရှိပြီပေါ့။ သင်္ကြန်ဆိုရင် ကိုယ့်လောကသားတွေ အလုပ်တွေ ရပ်နားရတယ်။တချို့ နေ့စားအနေနဲ့ လုပ်ကိုင်နေကြတဲ့ ရုပ်ရှင်လောကသားတွေက ဝင်ငွေမရှိကြဘူးလေ။ ဒီထက်လည်း ပိုလှူပေးချင်တာပါ။ နိုင်ငံတော်က အတိုင်းအတာတစ်ခုထိ ဆန်နဲ့ဆီ ပံ့ပိုးပေးတယ်။ ပုဂ္ဂလိကက ပါဝင်လှူကြတာလည်းရှိတယ်။ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထပ်ဖြည့်လှူတာဆိုရင် ကျပ်သိန်း ၃၉၀ ဖိုး ထပ်ဖြည့်လှူတာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက နာယကကြီး ဦးတင်အောင်က MT Entertainment ကို ပြောပါတယ်။

အဆိုပါ ၁၄ ကြိမ်မြောက် ဆန် ၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်နီ ၊ ငါးသေတ္တာ လှူဒါန်းမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အနုပညာလောကသား ၁ ဦးကို ဆန် ၅ ပြည်နဲ့ ဆီ ၁ ပိဿာ၊ ဦးသိန်းရွှေ (အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေး)က ၁ ဦးကို ကုလားပဲ (၅ဝ)သား၊ သရုပ်ဆောင်ဆောင်းယွန်းစံက ၁ ဦးကို ကြက်သွန်နီ ၅၀ သား၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ၁ ဦးကို ငါးသေတ္တာ(၂)ဗူးစီနဲ့ ကျန်လိုအပ်တဲ့ ဆန်တွေကို ဖြည့်စွက်လှူဒါန်းမှာဖြစ်ပါတယ်။ ဒီ လှူဒါန်းမှုမှာတော့ Miss Universe Bagan 2024 ကလည်း ကျပ် ၂ သိန်းပါဝင် လှူဒါန်းခဲ့ပါတယ်။

ဒီစားသောက်ကုန်လှူဒါန်းထုတ်ဝေပေးမှု အစီအစဉ်အနေနဲ့ ဧပြီ ၃ ရက် နံနက် ၉ နာရီကနေ ၁၂ နာရီအထိ အုပ်ချုပ်/ဖြန့်ချိအဖွဲ့ ၊ ညနေပိုင်းမှာ ဗီဒီယို + အဓိကသရုပ်ဆောင် + ဒါရိုက်တာအဖွဲ့ ၊ ဧပြီ ၄ ရက် နံနက် ၉ နာရီကနေ ၁၂ နာရီ ဇာတ်ညွှန်း+ပြဇာတ်နောက်ခံတေးဂီတ ၊ ညနေပိုင်းမှာ တည်းဖြတ်+ ထုတ်လုပ်သူအဖွဲ့ ၊ ဧပြီ ၅ ရက် နံနက်ပိုင်းမှာ စက်မှု (၇ဝဝ၁ -၇၄၄၇) ၊ ညနေပိုင်း စက်မှု( ၇၄၇၈- ၇၉၅၆) ၊ ဧပြီ ၆ ရက် နံနက်ပိုင်းမှာ ဇာတ်ပို့/ဇာတ်ရံ (၄ဝဝ၁ – ၄၅၀၀) ၊ ဇာတ်ပို့/ဇာတ်ရံ (၄၅၀၀ – ၄၉၉၉)တို့ကို နေ့အလိုက်အသီးသီးထုတ်ဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *