October 20, 2024

၆. ၄. ၂၀၂၄
Written by Ye Kyaw

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကုန်သွယ်မှုလျာထားချက် ပြည့်မီအောင် ပို့ကုန်များတွန်းပို့ခဲ့သော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀ ဒသမ ၀၉၁ ဘီလျံသာရရှိခဲ့ပြီး ကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၂ ဘီလျံခွဲနီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၂၉ ဘီလျံခွဲသာ မျှော်မှန်းခဲ့သော်လည်း ဒေါ်လာ ၃၄ ဘီလျံနီးပါးအထိ ကျော်လွန်ရရှိခဲ့သောကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၁၆ ဘီလျံ စုစုပေါင်းကုန်သွယ်မှု လျာထားချက် ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံအထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပို့ကုန်တင်ပို့ရမည့်ကာလများတွင် လက်နက်ကိုင်တိုက်ပွဲများကြောင့် နယ်စပ်ဒေသကုန်သွယ်ရေး ပုံမှန်အတိုင်း မဆောင်ရွက်နိုင်ခဲ့သဖြင့် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၄ ဒသမ ၆ ဘီလျံကျော်သာရရှိခဲ့ပြီး လျာထားချက်ထက် ဒေါ်လာ ၂ ဘီလျံခန့်လျော့ကျခဲ့သလို သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၁၅ ဒသမ ၄ ဘီလျံကျော်သာရရှိခဲ့၍ လျာထားချက်ထက် ဒေါ်လာသန်း ၆၀၀ ခန့် လျော့ကျခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှစ်ခုစလုံးဖြင့် ဆောင်ရွက်နေပြီး ပြည်ပသို့ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောတို့ကို အဓိက တင်ပို့နေကာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းတို့ကို အဓိကတင်သွင်းနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *